ပရိသတ်များ သောင်းကျန်းမှုကြောင့် ဖီနာဘာချီ အသင်းအနေဖြင့် နော်တင်ဟမ်အသင်းကို လျော်ကြေးငွေပေးချေရမည်
လန်ဒန် မတ် ၂၉
ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ကစားခဲ့သည့် နော်တင်ဟမ် အသင်းနှင့် ဖီနာဘာချီအသင်းတို့ ပွဲစဉ်တွင် ဖီနာဘာချီ အသင်းပရိသတ်များ၏ သောင်းကျန်းမှုများ ကြောင့် နော်တင်ဟမ်အသင်းကို လျော်ကြေးငွေပေးချေရန် သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်က ယူရိုပါလိဂ် ပြိုင်ပွဲ(၁၆) သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ် အဖြစ် နော်တင်ဟမ် အသင်းအိမ်ကွင်း၌ ကစားသည့် ပွဲစဉ်တွင် ဖီနာဘာချီအသင်းပရိသတ်များသည် ပွဲချိန်ပထမပိုင်းတွင် မီးရှူးမီးပန်းများ ပစ်ဖောက်ကာ သောင်းကျန်းမှုများကြောင့် ပွဲကိုခေတ္တရပ်နားခဲ့ရ သည်။
ဖီနာဘာချီအသင်းပရိသတ်များသည် မီးရှူးမီးပန်းများ ပစ်ဖောက်ခဲ့သည့်အပြင် နော်တင်ဟမ်အသင်း အားကစားကွင်းရှိ ပွဲကြည့်စင်မှ ထိုင်ခုံများကိုလည်း ရိုက်ချိုးဖျက်ဆီးမှုများပါ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။
အဆိုပါဖြစ်ရပ်အတွက် ဥရောပဘောလုံးအဖွဲ့ချုပ်က စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ပြီးနောက် ဖီနာဘာချီအသင်းကို ယူရို ၂၀၅၀၀ အပြင် ထပ်ဆောင်း ဒဏ်ငွေ ၃၀၀၀၀ စုစုပေါင်း ယူရို ၅၀၅၀၀ ကို နော်တင် ဟမ်အသင်းထံ ပေးဆောင်စေရန် ပြစ်ဒဏ်ချမှတ် ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဥရောပဘောလုံးအဖွဲ့ချုပ်က လာမည့်ဘောလုံးရာသီတွင်လည်း ဖီနာဘာချီအသင်းကို အဝေးကွင်းပွဲစဉ်များ၌ ပရိသတ်များအား လက်မှတ် ရောင်းချခြင်း မပြုရန် ထပ်တိုးပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။
Ref;Fotmob
MWD
