အီရန်နှင့်စစ်ပွဲသည် ကလေးသူငယ်များ၏ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း သမ္မတ ထရမ့် ပြောကြား
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ပဋိပက္ခစတင်ခဲ့သည့် တစ်လတာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတော်သို့ ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အီရန်နှင့် စစ်ဖြစ်ပွားခြင်းသည် အမေရိကန် ကလေးငယ်များ၏ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သည်ဟု ပြောကြား လိုက်သည်။
ဗုဒ္ဓဟူးနေ့ (ဧပြီ ၁) က ပြောကြားခဲ့သောမိန့်ခွန်းတွင် ဝါရှင်တန်အနေဖြင့် တီဟီရန်တွင် အစိုးရအပြောင်းအလဲဖြစ်ရန် မည်သည့်အခါကမျှ မရည်ရွယ်ခဲ့ကြောင်း၊ ၎င်းတို့၏ ရည်မှန်းချက်မှာ အီရန်၏ ရေတပ်နှင့်လေတပ်ကို ဖျက်ဆီးရန်နှင့် နျူကလီးယားလက်နက်ထုတ်လုပ်နိုင်စွမ်းကို ဟန့်တား ရန်သာဖြစ်ကြောင်း ထရမ့်က ဆိုသည်။ “ဒီအဓိက မဟာဗျူဟာမြောက် ရည်မှန်းချက်တွေဟာ ပြီးမြောက်ဖို့ နီးစပ်နေပြီဖြစ်တယ်” ဟု ၎င်းက အခိုင်အမာ ပြောဆိုခဲ့သည်။
အမေရိကန်နှင့်အစ္စရေးတို့ တိုက်ခိုက်မှုစတင်ခဲ့သည့် ၃၂ ရက်တာ တိုက်ပွဲကာလအတွင်း အီရန်သည် “အင်အားချည့်နဲ့သွားခဲ့ပြီး အခြေခံ အားဖြင့် ခြိမ်းခြောက်မှုတစ်ခုမဟုတ်တော့ကြောင်း” နှင့် “ဒါဟာ သင်တို့ရဲ့ သားသမီးတွေနဲ့ မြေးတွေရဲ့ အနာဂတ်အတွက် စစ်မှန်တဲ့ ရင်းနှီး မြှုပ်နှံမှုပဲဖြစ်တယ်” ဟု ထရမ့်က ဆိုသည်။
အမေရိကန်၏ ရည်မှန်းချက်များ အပြည့်အဝအောင်မြင်သည်အထိ တိုက်ပွဲများသည် နောက်ထပ် နှစ်ပတ်မှ သုံးပတ်ခန့်အထိ ဆက်လက် ဖြစ်ပွားနေဦးမည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ ထို့အပြင် ထရမ့်က တီဟီရန်အာဏာပိုင်များကို ထပ်မံသတိပေးရာတွင် “အကယ်၍ သဘောတူညီချက်မရရှိခဲ့ရင် ကျွန်တော်တို့ဟာ သူတို့ရဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တစ်ခုချင်းစီတိုင်းကို အင်အားပြင်းပြင်းနဲ့ တစ်ပြိုင်နက် တည်း တိုက်ခိုက်သွားမှာ ဖြစ်တယ်” ဟု ပြောဆိုခဲ့သည်။
ပဋိပက္ခပြီးဆုံးသွားသည့်အခါ အမေရိကန်သည် "ယခင်ကထက် ပိုမို ဘေးကင်းကာ၊ အင်အားတောင့်တင်းပြီး၊ သာယာဝပြောရုံသာမက ပိုမို ကြီးကျယ်သည့် နိုင်ငံဖြစ်လာလိမ့်မည်" ဟု သမ္မတက ဆိုသည်။ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် တက်ဒ်ခရုဇ် (Ted Cruz) ကလည်း သမ္မတထရမ့်သည် "ယနေ့ညတွင် အလွန်ပင် မှန်ကန်သောစကားကို ပြောကြားခဲ့သည်" ဟုဆိုကာ ၎င်း၏ မိန့်ခွန်းကို ချီးကျူးခဲ့သည်။
၎င်းက X လူမှုကွန်ရက်တွင် ရေးသားရာ၌ အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုသည် "မိမိတို့၏ သားသမီး၊ မြေးမြစ်များ၏ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သည်။ အီရန်၏ နျူကလီးယားဖြင့် ခြိမ်းခြောက်မှုကို အဆုံးသတ်နိုင်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်ရာ ၎င်းက အမေရိကန်ကို ပိုမိုဘေးကင်းစေလိမ့်မည်" ဟု ဖော်ပြခဲ့သည်။
တီဟီရန်ဘက်ကမူ ၎င်းတို့၏ နျူကလီးယားအစီအစဉ်မှာ ငြိမ်းချမ်းသောရည်ရွယ်ချက်အတွက်သာဖြစ်ပြီး လက်နက်ထုတ်လုပ်ရန် ရည်ရွယ်ခြင်း မဟုတ်ကြောင်း ကာလရှည်ကြာစွာ တုံ့ပြန်ပြောဆိုခဲ့သည်။ ယခုသီတင်းပတ်အစောပိုင်းတွင် အီရန်လွှတ်တော်အမတ် အဆင့်မြင့်အရာရှိ အလက်ဒင် ဘိုရူဂျာဒီ (Alaeddin Borujerdi) က အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုအပြီးတွင် ၁၉၆၈ ခုနှစ် နျူကလီးယားလက်နက်မပြန့်ပွားရေး စာချုပ် (NPT) တွင် ဆက်လက်ပါဝင်နေခြင်းမှာ အဓိပ္ပာယ် မရှိတော့ကြောင်းနှင့် အဆိုပါစာချုပ်မှ နုတ်ထွက်ရန် ဖြစ်နိုင်ခြေကို လွှတ်တော်က လေ့လာနေကြောင်း ပြောကြားခဲ့သည်။
အီရန်နိုင်ငံသည် ဝါရှင်တန်နှင့် ဆွေးနွေးမှုများကို ပယ်ချထားပြီး ပါရှန် ပင်လယ်ကွေ့ရှိ အစ္စရေးနှင့် အမေရိကန် စစ်ဘက်ဆိုင်ရာအဆောက် အအုံများကို ဆက်လက်တိုက်ခိုက်လျက်ရှိသည်။ အီရန်နိုင်ငံခြားရေး ဝန်ကြီး အဘတ်စ် အာရက်ချီ (Abbas Araghchi) က ကျူးကျော်သူကို အပြစ်ပေးနိုင်ပြီး တီဟီရန်အနေဖြင့် အပြည့်အဝ နစ်နာကြေးမရမချင်း စစ်ပွဲသည် ဆက်လက်ဖြစ်ပွားနေဦးမည်ဟု ဗုဒ္ဓဟူးနေ့ (ဧပြီ ၁) တွင် အခိုင်အမာ ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
