တိုက်လေယာဉ် ပျက်ကျသွားသော အမေရိကန် လေသူရဲတစ်ဦးကို ကယ်ဆယ်ရန် လုပ်ဆောင်ခဲ့သည့် စစ်ဆင်ရေး

News Image

  • တိုက်လေယာဉ် ပျက်ကျသွားသော အမေရိကန် လေသူရဲတစ်ဦးကို ကယ်ဆယ်ရန် လုပ်ဆောင်ခဲ့သည့် စစ်ဆင်ရေး

ရန်သူ့နယ်မြေအတွင်းရှိ တောင်ကြိုတောင်ကြားတစ်ခုတွင် တစ်ကိုယ်တည်း ပုန်းအောင်းနေရသည့် ဒဏ်ရာရထားသော အမေရိကန်လေသူရဲသည် သူဘာလုပ်ရမည်ကို အတိအကျ သိထားသည်၊ ၎င်းမှာ ရှင်သန်ရန်နှင့် ဖမ်းဆီးမခံရအောင် ရှောင်တိမ်းရန်ပင် ဖြစ်သည်။

အီရန်နိုင်ငံအတွင်း ပစ်ချခံခဲ့ရသည့် F-15E Strike Eagle တိုက်လေယာဉ်မှ လက်နက်စနစ်အရာရှိ (Weapons Systems Officer) သည် တစ်ရက်ကျော်ကြာအောင် အနီးကပ်လိုက်လံရှာဖွေနေသည့် အီရန်တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို မခံရစေရန် ရှောင်တိမ်းနိုင်ခဲ့သည်။ သူသည် ပစ္စတို တစ်လက်၊ ဆက်သွယ်ရေးကိရိယာတစ်ခုနှင့် တည်နေရာပြကိရိယာ (Tracking Beacon) တစ်ခု ကိုသာ ကိုင်ဆောင်ကာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၇,၀၀၀ မြင့်သော ကြမ်းတမ်းသည့် တောင်ကုန်းတောင်တန်းများပေါ်သို့ တွားသွားတက်ရောက်ခဲ့သည်။

ထိုမြင့်မားလှသော တောင်တန်းများအတွင်းသို့ အမေရိကန် ကွန်မန်ဒိုအဖွဲ့တစ်ဖွဲ့သည် ပတ်ဝန်းကျင်အား ရှင်းလင်းရန် ဗုံးကြဲပေးနေသည့် အမေရိကန် လေယာဉ်များ၏ အကာအကွယ် ဖြင့် ထိုးဖောက်ဝင်ရောက်ကာ အဆိုပါအရာရှိ ရှိရာသို့ ရောက်ရှိခဲ့ပြီး ၎င်းနှင့်အတူ မိမိတို့အဖွဲ့ အားလုံးကိုပါ ဘေးကင်းရာသို့ ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်အရာရှိ နှစ်ဦးသည် အဆိုပါ အန္တရာယ်ကြီးမားသည့် စစ်ဆင်ရေး၏ အသေးစိတ်အချက် အလက်များကို နောက်ပိုင်းတွင် ရှင်းပြခဲ့သည်။

အဆိုပါစစ်ဆင်ရေးတွင် အောင်မြင်သော ကယ်ဆယ်ရေးမစ်ရှင်ကို ဆောင်ရွက်ခဲ့သည့် အထူးစစ်ဆင်ရေးတပ်ဖွဲ့များ အပါအဝင် အမေရိကန် စစ်ဘက်နှင့် ထောက်လှမ်းရေး ဝန်ထမ်းပေါင်း ရာနှင့်ချီ ပါဝင်ခဲ့ပြီး၊ အီရန်ဖမ်းဆီးသူများကို လမ်းကြောင်းလွဲစေရန် စစ်ဆင်ရေးမတိုင်မီကပင် လှည့်ဖြားမှုများ ပြုလုပ်ခဲ့သည့် CIA အေးဂျင့်များလည်း ပါဝင်ခဲ့သည်။

ထို့ပြင် စစ်ဆင်ရေးအတွင်း ပျက်စီးသွားသော အမေရိကန် အထူးစစ်ဆင်ရေးလေယာဉ် နှစ်စင်းကို အီရန်နိုင်ငံအတွင်း မြေပြင်မှာပင် ဖောက်ခွဲဖျက်ဆီးခဲ့ရခြင်း အပါအဝင် မမျှော်လင့်ထားသည့် ဖြစ်ရပ်များစွာလည်း ရှိခဲ့သည်။

"ကျွန်တော်တို့ သူ့ကို ရပြီ!" ဟု သမ္မတ ထရမ့်က စနေနေ့တစ်နေ့လုံး အိမ်ဖြူတော်မှနေ၍ စစ်ဆင် ရေးကို စောင့်ကြည့်ပြီးနောက် လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ "လွန်ခဲ့တဲ့ နာရီအနည်းငယ် အတွင်းမှာ အမေရိကန်စစ်တပ်ဟာ အမေရိကန်သမိုင်းမှာ အစွန့်စားဆုံး ရှာဖွေကယ်ဆယ်ရေး စစ်ဆင်ရေးတစ်ခုကို လုပ်ဆောင်နိုင်ခဲ့ပါတယ်" ဟု ရေးသားခဲ့သည်။

ဧပြီ ၃ ရက်နေ့က တိုက်လေယာဉ် ပစ်ချခံရပြီးနောက် ထိုအရာရှိကို ရှာဖွေကယ်ဆယ်ရန် ကြိုးပမ်းမှု သည် အစိုးရအဖွဲ့အတွက် အာရုံစိုက်လုပ်ဆောင်ရသည့် အရေးကြီးဆုံး လုပ်ငန်းစဉ် ဖြစ်လာခဲ့ သည်။ လေယာဉ်မှူးကို လျင်မြန်စွာ ပြန်တွေ့ခဲ့သော်လည်း ကျန်ရှိနေသည့် အဖွဲ့ဝင်တစ်ဦးကို ရှာဖွေရန် ပိုမိုကြာရှည်သည့် ဒုတိယမြောက် စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်နေရသဖြင့် အိမ်ဖြူတော်နှင့် ပင်တဂွန်စစ်ဌာနချုပ်တို့က ကယ်ဆယ်ရေးသတင်းကို အတည်ပြုရန် ငြင်းဆိုခဲ့ ကြသည်။

လေယာဉ်အပစ်ခံရချိန်တွင် နှစ်ဦးစလုံး လေထီးဖြင့် ခုန်ထွက်နိုင်ခဲ့သော်လည်း လက်နက်စနစ် အရာရှိ မည်သည့်နေရာသို့ ရောက်သွားသည်ကို မသိရှိရပေ။ လေထီးခုန်စဉ် ဒဏ်ရာရရှိခဲ့ပြီးနောက် ၎င်းကိုဖမ်းဆီးရန် ဆုငွေထုတ်ထားသည့် အီရန်ခေါင်းဆောင်များ၏ လက်မှလွတ်ရန် တောင်ကြား တစ်ခုတွင် ပုန်းအောင်းနေခဲ့သည်။ ထို့နောက် သူသည် စစ်တပ်နှင့် အဆက်အသွယ် ပြုလုပ်နိုင်ခဲ့ သည်။ သို့သော် အီရန်တပ်ဖွဲ့ဝင်များ၏ ရှာဖွေမှုကို ရှောင်တိမ်းနေရသဖြင့် ၎င်း၏ ဆက်သွယ်ရေး မှာ ပြတ်တောင်းပြတ်တောင်းသာ ရှိခဲ့သည်။

ဝါရှင်တန်တွင်မူ သမ္မတထရမ့်သည် ဧပြီ ၃ ရက်နေ့ တစ်နေ့လုံး အိမ်ဖြူတော်အနောက်ဘက်ခြမ်းရှိ Oval Office နှင့် ၎င်းနှင့်ကပ်လျက်ရှိသော ထမင်းစားခန်းကြားတွင် သွားလာရင်း အဆိုပါအရာရှိ အား ရှာဖွေသည့် မစ်ရှင်အခြေအနေများကို စောင့်ကြည့်နေခဲ့သည်။ F-15E ပစ်ချခံရခြင်းနှင့်အတူ ကယ်ဆယ်ရေးတွင် ကူညီနေသည့် A-10 Warthog နှင့် ရဟတ်ယာဉ်တစ်စင်းကိုပါ အီရန်က တိုက်ခိုက်နိုင်စွမ်း ရှိနေခြင်းမှာ ၎င်း၏အစိုးရအဖွဲ့က ပြောဆိုထားသည့် အီရန်အပေါ် ဝေဟင်စိုးမိုးမှု ရှိသည်ဟူသော အချက်ကို ထိခိုက်စေခဲ့သည်။

သမ္မတထရမ့်သည် ဧပြီ ၄ ရက်နေ့တွင် ဂေါက်ရိုက်ရန် အစီအစဉ်ကို ဖျက်သိမ်းခဲ့ပြီး အီရန်နိုင်ငံ အတွင်း ဝင်ရောက်ကာ လေသူရဲကို ရှာဖွေရန် စစ်ဆင်ရေးကို အိမ်ဖြူတော်၌ပင် စောင့်ကြည့်ခဲ့ သည်။

စစ်ဘက်စီစဉ်သူများက စစ်ဆင်ရေးကို အကောင်အထည်ဖော်ရန် အလျင်အမြန် လုပ်ဆောင် နေချိန်တွင် CIA ကလည်း တစ်ဖက်မှ လှုပ်ရှားခဲ့သည်။ အမေရိကန် ထောက်လှမ်းရေးအေးဂျင့်များ သည် လေယာဉ်အဖွဲ့ဝင် နှစ်ဦးစလုံးကို ကယ်ဆယ်ပြီးဖြစ်ကြောင်း အီရန်အတွင်း သတင်းများ ဖြန့်ဝေကာ ရှာဖွေနေသည့် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကို ရှုပ်ထွေးသွားအောင် လုပ်ဆောင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် အစ္စရေးကလည်း ရှာဖွေကယ်ဆယ်ရေးကို အနှောင့်အယှက်မဖြစ်စေရန်၎င်းတို့၏ စီစဉ်ထားသော တိုက်ခိုက်မှုအချို့ကို ရွှေ့ဆိုင်းပေးခဲ့ပြီး ထောက်လှမ်းရေးသတင်းများ ကူညီပေးခဲ့ကြောင်း CNN သို့ ပြောကြားခဲ့သည်။

နောက်ဆုံးတွင် CIA သည် အဆိုပါအရာရှိ ပုန်းအောင်းနေသည့် တည်နေရာအတိအကျကို ဖော်ထုတ်နိုင်ခဲ့ပြီး စစ်တပ်သို့ သတင်းပေးပို့ခဲ့သည်။

"ဒီသတ္တိခဲ စစ်သည်တော်ဟာ အီရန်ရဲ့ အန္တရာယ်များတဲ့ တောင်တန်းတွေကြား၊ ရန်သူ့နယ်မြေ ထဲမှာ တစ်နာရီထက်တစ်နာရီ ပိုနီးကပ်လာတဲ့ ရန်သူတွေရဲ့ လိုက်လံရှာဖွေမှုကို ခံနေရတာပါ ၊ ဒါပေမဲ့ သူဟာ ဘယ်တော့မှ အထီးကျန်မနေခဲ့ပါဘူး" ဟု ထရမ့်က ရေးသားခဲ့သည်။

အမေရိကန် အထူးတပ်ဖွဲ့များ အဆိုပါအရာရှိ ပုန်းအောင်းနေသည့် တောင်ကုန်းပေါ်သို့ ဆင်းသက် ချိန်တွင် အီရန်တပ်များ အနားမကပ်နိုင်စေရန် အမေရိကန်လေယာဉ်များက ထိုဒေသအတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထရမ့်သည် ယင်းအခြေအနေများကို Situation Room မှနေ၍ စောင့်ကြည့်ခဲ့သည်။

အီရန်ရှိ ဝေးလံသော လေယာဉ်ကွင်းတစ်ခုတွင် ကွန်မန်ဒိုများနှင့် ကယ်ဆယ်ခံရသူ လေသူရဲကို တင်ဆောင်ရန် MC-130J အထူးစစ်ဆင်ရေး သယ်ယူပို့ဆောင်ရေး လေယာဉ်နှစ်စင်း စောင့်ဆိုင်း နေခဲ့သည်။ သို့သော် စစ်ဆင်ရေးအတွင်း ထိုလေယာဉ်များ ပျက်စီးသွားခဲ့သည်။

စစ်တပ်သည် လေယာဉ်အသစ်များ ထပ်မံစေလွှတ်ရန် ဆုံးဖြတ်ခဲ့ပြီး ပျက်စီးနေသော လေယာဉ် များကို အီရန်လက်ထဲ မကျန်ရစ်စေရန်အတွက် မြေပြင်မှာပင် ဖောက်ခွဲဖျက်ဆီးခဲ့သည်။

ကိုးကား- CNN

Photo: NDTV

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန (၂)