မန္တလေးနှင့် ကလေးမြို့တို့တွင် တရားမဝင်သယ်ဆောင်ရောင်းဝယ်သည့် ငွေကျပ် တစ်ဘီလီယံကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၄ ဒသမ ၈ တန်ကျော် သိမ်းဆည်းရမိ

News Image

  • မန္တလေးနှင့် ကလေးမြို့တို့တွင် တရားမဝင်သယ်ဆောင်ရောင်းဝယ်သည့် ငွေကျပ် တစ်ဘီလီယံကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၄ ဒသမ ၈ တန်ကျော် သိမ်းဆည်းရမိ

နေပြည်တော် ဧပြီ ၅ 

 

မန္တလေးနှင့် ကလေးမြို့တို့တွင် တရားမဝင် သယ်ဆောင်ရောင်းဝယ်သည့် ငွေကျပ် တစ်ဘီလီယံ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၄ ဒသမ ၈ တန်ကျော် သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၁ ရက် ညနေ ၄ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက် ၂၆ လမ်း၊ ၅၇ လမ်းနှင့် ၅၈ လမ်းကြားရှိ နေအိမ်ကို သတင်းအရ ဝင်ရောက်ရှာဖွေရာ အိမ်ရှင်ကိုဦးနှင့်အတူ ဇော်ဝင်းနိုင် (ခ) ဖိုးသားတို့အား တရားမဝင် သိုလှောင်ထားသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၁ ဒသမ ၀၂၅ တန်၊ TOYOTA HILUX SURF ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

ကွင်းဆက်ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ကဖင်းများကို စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှ မန္တလေးမြို့သို့ NISSAN ခြောက်ဘီးယာဉ်ဖြင့် သယ်ဆောင်ခဲ့ကြသည့် ယာဉ်ပိုင်ရှင် မတင့်တင့်အေး၊ နိုင်လင်း၊ ဖြိုးကိုကိုနှင့် နိုင်ချိန်းအောင်တို့ လေးဦးကို မန္တလေးမြို့၌ ဆက်လက်ဖမ်းဆီးရမိခဲ့သည်။ 

 

၎င်းတို့၏ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ ကဖင်းများကို ကလေးမြို့မှ မန္တလေးမြို့သို့ သယ်ဆောင်ခိုင်းသူ ညီညီဇော် (ခ) ဖိုးငယ်အား ကလေးမြို့ မြို့သာရပ်ကွက်ရှိနေအိမ်တွင် ထိန်းချုပ်ဓာတုပစ္စည်းများ သယ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် SANGDA KSD MPV ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ယင်း၏ဖော်ထုတ်ချက်အရ ကလေးမြို့နေ ကဖင်းအိတ်များပိုင်ရှင် မခင်မို့မို့အေး (ခ) အန်တီမိုးနှင့် ပူးပေါင်းပါဝင်ခဲ့သည့် နေမျိုးလင်း (ခ) ရော့ကီ (ခ) မုတ်ဆိတ်၊ မကြွယ်သင်ပါးရ်အီး (ခ) ပါးရ်အီးနှင့် ခိုင်လင်းထွဋ်တို့ကို ကလေးမြို့၌ ဆက်လက်ဖမ်းဆီးရမိခဲ့သည်။

 

ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်များအရ ကလေးမြို့ စမ်းမြို့ရပ်ကွက်ရှိ လားရင်မွှာနာ (ခ) မွမ်သဲ၏ နေအိမ်မှ ကဖင်း ၃ ဒသမ ၈ တန် ထပ်မံ ဖော်ထုတ်သိမ်းဆည်းရမိခဲ့သဖြင့် မန္တလေးမြို့၌ သိမ်းဆည်းရမိသည့် ထိန်းချုပ်ဓာတုပစ္စည်းကဖင်း ၁ ဒသမ ၀၂၅ တန် (တစ်ကီလိုလျှင် ငွေကျပ် ၄ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၄၁၀၀)၊ ကလေးမြို့တွင် သိမ်းဆည်းရမိသည့် ထိန်းချုပ်ဓာတုပစ္စည်းကဖင်း ၃ ဒသမ ၈ တန် (တစ်ကီလိုလျှင်ငွေကျပ် ၃ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၁၄ ဘီလီယံ) စုစုပေါင်း ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၄ ဒသမ ၈၂၅ တန် (၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၅၅ ဘီလီယံ) သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

 

စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ ထိန်းချုပ်ဓာတုပစ္စည်းကဖင်းများကို မြန်မာ-အိန္ဒိယ နယ်စပ် ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိဒ်ခေါဒါရ်မြို့မှ ကလေးမြို့သို့ လည်းကောင်း၊ ကလေးမြို့မှ မန္တလေးမြို့သို့လည်းကောင်း တရားမဝင်တင်သွင်း သယ်ဆောင်ရောင်းဝယ်သူမှာ ချင်းပြည်နယ် ဖလမ်းခရိုင် ရိဒ်ခေါဒါရ်မြို့ မြန်မာ-အိန္ဒိယနယ်စပ်နေ မမားစောဆန်းအီး (ခ) ဆန်းအီး (ခ) သဲသဲ (ဖမ်းဆီးရန်ကျန်) ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ 

MDN