အမည်မဖော်လိုသူ စွမ်းအင်ဝန်ကြီးဌာန အရာရှိတစ်ဦးကို ကိုးကား၍ ဆော်ဒီအစိုးရပိုင် သတင်းဌာန (SPA) က ဖော်ပြချက်အရ အရေးပါသော အရှေ့-အနောက် ရေနံပိုက်လိုင်း (East-West Pipeline) အပါအဝင် ၎င်း၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ အဆောက်အအုံများ တိုက်ခိုက်ခံရမှုကို ဆော်ဒီအာရေဗျနိုင်ငံက အတည်ပြုလိုက်သည်။ကြာသပတေးနေ့ (ဧပြီ ၉) က ထုတ်ပြန်ခဲ့သော အဆိုပါအစီရင်ခံစာတွင် တိုက်ခိုက်မှုများ မည်သည့်အချိန်က ဖြစ်ပွားခဲ့သည်ကို အတိအကျ ဖော်ပြ ထားခြင်းမရှိသော်လည်း တိုက်ခိုက်မှုကြောင့် ဆော်ဒီနိုင်ငံသားတစ်ဦး သေဆုံးကာ အခြားခုနစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။နိုင်ငံ၏ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများအပေါ် မကြာသေးမီကပြုလုပ်ခဲ့သော တိုက်ခိုက်မှုများသည် ရေနံထုတ်လုပ်မှုနှင့် သယ်ယူ ပို့ဆောင်ရေး နှစ်ခုစလုံးအပေါ် သိသာထင်ရှားသော သက်ရောက်မှုရှိခဲ့ပြီး တစ်ရက်လျှင် ရေနံစည်ပေါင်း တစ်သန်းကျော် ထိခိုက်မှုရှိခဲ့ကြောင်း SPA ၏ အစီရင်ခံစာက ညွှန်းဆိုထားသည်။အရှေ့-အနောက် ပိုက်လိုင်း တိုက်ခိုက်ခံရမှုကြောင့် တစ်ရက်လျှင် ရေနံစည်ပေါင်း ၇၀၀,၀၀၀ ခန့် ဆုံးရှုံးခဲ့ရပြီး အခြားအခြေခံအဆောက်အအုံ တိုက်ခိုက်မှုများကြောင့် ထုတ်လုပ်မှုစွမ်းရည်မှာ နောက်ထပ် ရေနံစည် ၆၀၀,၀၀၀ ခန့် ထပ်မံ လျော့နည်းသွားခဲ့ကြောင်း SPA က ဆိုသည်။ဒေတာနှင့် ခွဲခြမ်းစိတ်ဖြာမှု ပလက်ဖောင်းတစ်ခုဖြစ်သည့် Kpler မှ ကျွမ်းကျင်သူ Amena Bakr က "ဒါဟာ ပင်လယ်ကွေ့ ဒေသတစ်ခုလုံးရဲ့ ထောက်ပံ့မှုအပေါ် သက်ရောက်မှုကို ကြည့်မယ်ဆိုရင် တစ်ရက်ကို စည်ပေါင်း ၁၂.၁ သန်းအထိ ရှိသွားမှာ ဖြစ်ပါတယ်" ဟု ပင်လယ်ကွေ့ ဒေသတွင်း အလုံးစုံထိခိုက်မှုကို ရည်ညွှန်း၍ CNN သို့ ပြောကြားခဲ့သည်။အီရန်၏ တိုက်ခိုက်မှုများကြောင့် ၎င်းတို့၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးအဆောက်အအုံများ မည်မျှအထိ ပျက်စီးသွားသည် ဆိုသည်ကို ပင်လယ်ကွေ့နိုင်ငံအများစုသည် မကြာသေးမီ သီတင်းပတ်များအတွင်း နှုတ်ဆိတ်နေခဲ့ကြသည်။အရှေ့-အနောက် ပိုက်လိုင်းသည် ပိတ်ဆို့ခံထားရသော ဟော်မုဇ် ရေလက်ကြားကို ရှောင်ကွင်း၍ ရေနံပို့ဆောင်ရန်အတွက် အလွန်အရေးပါသော လမ်းကြောင်းဖြစ်ကြောင်း Bakr က ဆက်လက် ပြောကြားခဲ့သည်။ "ဒါ့အပြင် ဟော်မုဇ် ရေလက်ကြားကတစ်ဆင့် ရေနံစီးဆင်းမှု အခြေအနေဟာလည်း ဘာမှ တိုးတက်လာတာ မတွေ့ရသေးပါဘူး" ဟု သူမက ထပ်လောင်း ပြောဆိုခဲ့သည်။ကိုးကား- CNNဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
Fri, 10-Apr-2026