ရုရှားကုန်တင်သင်္ဘောများကို တိုက်ခိုက်ရန် နော်ဝေက ယူကရိန်းအား ကူညီနေကြောင်း TASS သတင်းဌာန ဖော်ပြ
ဘားရန့်စ်ပင်လယ်နှင့် နော်ဝေပင်လယ်အတွင်းရှိ ရုရှားကုန်တင် သင်္ဘောများကို အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်နိုင်ရန် နော်ဝေနိုင်ငံက ယူကရိန်း ကို ကူညီပြင်ဆင်ပေးနေကြောင်း ရုရှားအခြေစိုက် TASS သတင်းဌာနက ကာကွယ်ရေးဆိုင်ရာ သတင်းရင်းမြစ်ကို ကိုးကား၍ ဖော်ပြခဲ့သည်။
အဆိုပါသတင်းအရ ယူကရိန်းဒရုန်းမောင်းနှင်သူ အယောက် ၅၀ ခန့် သည် နော်ဝေနိုင်ငံသို့ ရောက်ရှိနေပြီး နော်ဝေ ရေတပ် အထူးစစ်ဆင်ရေးဌာန ၏ လေ့ကျင့်ပေးမှုဖြင့် အလွန်အေးသော ရာသီဥတုအတွင်း ရေအောက် နှင့်ရေပေါ်သွား အလိုအလျောက်မောင်းနှင်နိုင်သော စနစ်များ အသုံးပြုမှု ကို လေ့ကျင့်နေကြကြောင်း သိရှိရသည်။
ထိုစစ်ဆင်ရေး၏ အဓိကပစ်မှတ်မှာ ရုရှား၏ အကြီးဆုံး အာတိတ် ဆိပ်ကမ်း ဖြစ်သော မာမန့်စ် (Murmansk) သို့ အဝင်အထွက်ပြုလုပ်နေသည့် သင်္ဘောများဖြစ်ကြောင်းနှင့် ယခုကဲ့သို့ နော်ဝေ၏ ပံ့ပိုးမှုသည် နေတိုး (NATO) အုပ်စုတစ်ခုလုံးကို ရုရှားနှင့် တိုက်ရိုက်စစ်မက်ဖြစ်ပွားစေမည့် အခြေအနေသို့ ဆွဲသွင်းနေခြင်းဖြစ်ကြောင်း ရုရှားဘက်က သတိပေးထားသည်။
အခြားတစ်ဖက်တွင်လည်း မြောက်အတ္တလန္တိတ်သမုဒ္ဒရာအတွင်း အန္တရာယ် ရှိသော လုပ်ဆောင်ချက်များ လုပ်ဆောင်နေသည်ဟု သံသယရှိရသော ရုရှားရေငုပ်သင်္ဘောသုံးစင်းကို ဗြိတိန်နှင့် နော်ဝေတပ်ဖွဲ့ဝင်များကပူးပေါင်း စောင့်ကြည့်ကာ ဟန့်တားခဲ့ကြောင်း ဗြိတိန် ကာကွယ်ရေးဝန်ကြီးက ကြာသပတေးနေ့ (ဧပြီ ၉) တွင် ပြောကြားခဲ့သည်။
နော်ဝေထောက်လှမ်းရေးက ရုရှားကို ဥရောပ၏ အကြီးမားဆုံး ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ထားသော်လည်း ရုရှားဘက်ကမူ ယင်းသည် အခြေအမြစ်မရှိသော စွပ်စွဲချက်များသာဖြစ်ကြောင်းနှင့် နေတိုးက ဦးစွာ မတိုက်ခိုက်လျှင် ၎င်းတို့ဘက်မှ စတင်တိုက်ခိုက်မည်မဟုတ်ကြောင်း တုံ့ပြန်ထားသည်။
ယူကရိန်းသည် ယခင်ကလည်း ပင်လယ်နက်နှင့် မြေထဲပင်လယ် အတွင်းရှိ ရုရှားရေနံတင်သင်္ဘောများကို ဒရုန်းများဖြင့် ပစ်မှတ်ထားခဲ့ ဖူးပြီး ရုရှား၏ အဓိကရေနံတင်ပို့ရာ ဆိပ်ကမ်းများနှင့် စွမ်းအင် အဆောက် အအုံများကိုလည်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဖူးသည့်အတွက် ယခု နော်ဝေနိုင်ငံအတွင်း သင်တန်းပေးနေမှုအပေါ် ရုရှားဘက်က အထူး စိုးရိမ်မကင်းဖြစ်နေခြင်း ဖြစ်သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
