အီရန်စစ်ပွဲ ၄၅ ရက်ကြာ အပစ်အခတ်ရပ်စဲရေးအတွက် ကြားဝင် စေ့စပ်ပေးသူများ ကြိုးပမ်းနေ

News Image

  • အီရန်စစ်ပွဲ ၄၅ ရက်ကြာ အပစ်အခတ်ရပ်စဲရေးအတွက် ကြားဝင် စေ့စပ်ပေးသူများ ကြိုးပမ်းနေ

အမေရိကန်၊ အီရန်နှင့် ဒေသတွင်း ကြားဝင်စေ့စပ်ပေးသူများသည် ၄၅ ရက်ကြာ ဖြစ်ပေါ်လာနိုင်ခြေရှိသော အပစ်အခတ်ရပ်စဲရေး စည်းကမ်းချက် များကို ဆွေးနွေးနေကြကြောင်း Axios သတင်းဌာနက အမေရိကန်၊ အစ္စရေးနှင့် ဒေသတွင်းသတင်းရင်းမြစ်များကို ကိုးကား၍ တနင်္ဂနွေနေ့ (ဧပြီ ၅) ညနေပိုင်းတွင် ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးရန် အီရန်သို့ ပေးထားသော နောက်ဆုံးသတ်မှတ်ချက်ကို တနင်္လာနေ့မှ အင်္ဂါနေ့သို့ (ဧပြီ ၆ မှ ၇ သို့) တိုးမြှင့်ပေးလိုက်ချိန်တွင် ယခုသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ အကယ်၍ သင်္ဘောများပုံမှန် သွားလာနိုင်ခြင်းမရှိပါက လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် တံတားများအပါအဝင် အီရန်၏ အရပ်ဘက်အခြေခံအဆောက်အအုံများကို တိုက်ခိုက်မည်ဟု ထရမ့်က ခြိမ်းခြောက်ထားသည်။

Axios ၏ ဖော်ပြချက်အရ ဆက်သွယ်မှုများကို ပါကစ္စတန်၊ အီဂျစ်နှင့် တူရကီ ကြားဝင်စေ့စပ်ပေးသူများမှတစ်ဆင့် ဆောင်ရွက်နေပြီး ထရမ့်၏ အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) နှင့် အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီ (Abbas Araghchi) တို့ အကြား သတင်းစကားများဖလှယ်ခြင်းဖြင့်လည်း လုပ်ဆောင်နေကြသည်။ လွန်ခဲ့သည့်ရက်ပိုင်းအတွင်း အဆိုပြုချက် အမြောက်အမြားကို တင်ပြခဲ့သော်လည်း တီဟီရန်က တစ်စုံတစ်ရာကိုမျှ လက်မခံသေးကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ကြားဝင်စေ့စပ်ပေးသူများသည် အဆင့်နှစ်ဆင့်ပါဝင်သော အစီအစဉ်ကို ဆွေးနွေးနေကြပြီး အပြီးတိုင်သဘောတူညီချက်ကို ဆွေးနွေးနိုင်ရန် အတွက် ပထမဦးစွာ ၄၅ ရက်ကြာ တိုက်ပွဲများ ရပ်နားထားရန် ပါဝင်သည်။ လိုအပ်ပါက အပစ်ရပ်ကာလကို ထပ်မံတိုးမြှင့်နိုင်ပြီး နောက်ဆုံး သဘောတူညီချက်တွင် ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးနှင့် အီရန်၏ သန့်စင်ပြီး ယူရေနီယံ သိုလှောင်မှုဆိုင်ရာကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးသွားမည် ဖြစ်သည်။

ထရမ့်က Axios နှင့် ဖုန်းဖြင့်ဆက်သွယ်ရာတွင် ဝါရှင်တန်သည် တီဟီရန်နှင့် လေးနက်သော ညှိနှိုင်းမှုများ ပြုလုပ်နေသည်ဟု ပြောကြားခဲ့သကဲ့သို့ အကယ်၍ သဘောတူညီချက်မရရှိပါက အီရန်ရှိအရာအားလုံးကို ဗုံးကြဲ ဖျက်ဆီးပစ်မည်ဟုလည်း သတိပေးခဲ့သည်။ သို့သော် အဆိုပါ သတင်း ဌာနက နောက်ဆုံးသတ်မှတ်ရက်မတိုင်မီ သဘောတူညီချက်ရရှိရန် အခွင့်အလမ်းမှာ အလွန်နည်းပါးသည်ဟု သုံးသပ်ဖော်ပြထားသည်။

အီရန်ဘက်ကမူ အမေရိကန်နှင့် ညှိနှိုင်းနေခြင်းမရှိကြောင်း အကြိမ်ကြိမ် ငြင်းဆိုထားပြီး အပစ်အခတ်ရပ်စဲရေးကို အီရန်ကလိုလားနေသည် ဆိုသော ထရမ့်၏ပြောကြားချက်ကိုလည်း ပယ်ချခဲ့သည်။ ကြားခံနိုင်ငံတစ်ခုမှတစ်ဆင့် ပေးပို့လာသော အမေရိကန်၏ ၄၈ နာရီကြာ အပစ် အခတ်ရပ်စဲရေး အဆိုပြုချက်ကို တီဟီရန်က ငြင်းပယ်ခဲ့ကြောင်း Fars သတင်းဌာနက အရာရှိများကိုကိုးကား၍ သောကြာနေ့ (ဧပြီ ၃) တွင် ဖော်ပြခဲ့သည်။

အီရန်အရာရှိများက ၎င်းတို့အနေဖြင့် သင့်တော်သည်ဟု ယူဆသည့်အချိန်တွင် ၎င်းတို့၏ ကိုယ်ပိုင်သတ်မှတ်ချက်များအတိုင်းသာ ဆွေးနွေးပွဲ များ ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။ ထို့အပြင် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ထရမ့်က အစ္စရေးနှင့်ပူးပေါင်း၍ အီရန်ကိုတိုက်ခိုက်ရန် အမိန့်ပေးခဲ့ခြင်းသည် အိုမန်ကကြားဝင်စေ့စပ်ပေးနေသော ဆွေးနွေးပွဲများကို အမေရိကန်က လက်တွေ့ကျကျ ဖျက်ဆီးလိုက်ခြင်းဖြစ်သည် ဟုလည်း စွပ်စွဲခဲ့သည်။

အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ် ဘာကေး (Esmail Baqaei) ကမူ အီရန်က အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုနေသည် ဟူသော ထရမ့်၏ပြောကြားချက်မှာ မှားယွင်းပြီး အခြေအမြစ်မရှိကြောင်း ပယ်ချပြောဆိုခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂