လာမည့် ဧပြီလ ၁၇ ရက်မှ ၂၅ ရက်အတွင်း ကျင်းပရန် လျာထားသော ထိုင်း-ကမ္ဘောဒီးယား နယ်စပ် ပူးတွဲကော်မရှင် (JBC) အစည်းအဝေးသို့ တက်ရောက်ရန် ထိုင်းနိုင်ငံဘက်မှ အဆင်သင့်မဖြစ်သေးကြောင်း နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖွမ်းကေတော က စနေနေ့ (ဧပြီ ၁၁) တွင် ပြောကြားလိုက်သည်။ ပြည်တွင်း၌ လုပ်ဆောင်ရမည့် လုပ်ထုံးလုပ်နည်းများ မပြီးပြတ်သေးခြင်းကြောင့် ယခုကဲ့သို့ အဆင်သင့်မဖြစ်သေးခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ကာလရှည် ကြန့်ကြာနေသည့် နယ်စပ်မှတ်တိုင် စိုက်ထူရေး လုပ်ငန်းများကို ရှေ့ဆက်နိုင်ရန် ရည်ရွယ်၍ ကမ္ဘောဒီးယားအစိုးရက တရားဝင် ဖိတ်ကြားလာမှုအပေါ် ဆီဟာဆက်က ပြန်လည်တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံအနေဖြင့် အစည်းအဝေးသို့ တက်ရောက်မည်ဟု အတည် မပြုမီ JBC ကိုယ်စားလှယ်အဖွဲ့၏ ဖွဲ့စည်းပုံအပြောင်းအလဲများကို ဦးစွာ အပြီးသတ်ရန် လိုအပ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။ ထို့ပြင် အဆိုပါ အစည်းအဝေးကျင်းပဖြစ်ခဲ့လျှင်ပင် နယ်စပ်မှတ်တိုင် စိုက်ထူခြင်းကို ချက်ချင်းဆောင်ရွက်နိုင်ဦးမည် မဟုတ်ကြောင်းနှင့် ကာလရှည်ကြာနေပြီ ဖြစ်သည့် နယ်စပ်ပြဿနာများအပေါ် အလျင်အမြန် တိုးတက်မှု ရရှိလာရန် မျှော်လင့်ချက်မထားကြရန်လည်း ၎င်းက သတိပေးခဲ့သည်။ထိုင်းနိုင်ငံအတွင်းကျင်းပမည့် မည်သည့် JBC အစည်းအဝေးမဆို ဦးစွာ ပထမ ပြည်တွင်းလုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံသို့ အကြောင်းကြားထားပြီးဖြစ်သည်ဟု ဆီဟာဆက် က ဆိုသည်။ အဆိုပါ လုပ်ငန်းစဉ်များတွင် JBC ဖွဲ့စည်းပုံအသစ်အတွက် အတည်ပြုချက်ရယူခြင်းနှင့် အစိုးရဌာနဆိုင်ရာများမှ ကော်မရှင်နာများ ခန့်အပ်ခြင်းတို့ ပါဝင်သည်။ ယင်းပြည်တွင်းလုပ်ငန်းစဉ်များပြီးဆုံးပါက ထိုင်းနိုင်ငံအနေဖြင့် ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်ရန် အသင့် ရှိမည်ဖြစ်သည်။JBC တွင် သဘာပတိအဖြစ် ဆောင်ရွက်မည့် ပုဂ္ဂိုလ်နှင့်ပတ်သက်၍ မေးမြန်းမှုကို ဝန်ကြီးကဖြေကြားရာတွင် ယခုကော်မရှင်သည် နိုင်ငံတကာ ဥပဒေနှင့် နယ်စပ်ရေးရာကိစ္စရပ်များကို အလေးပေးရသည့်အတွက်ထိုရာထူးကို နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးကသာ တာဝန်ယူ သင့်ကြောင်း၊ အဆိုပါအခန်းကဏ္ဍသည် အထူးပြုကျွမ်းကျင်မှုနှင့် သက်ဆိုင်ရာ အဓိကအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုလိုအပ်ကြောင်း ပြောကြားခဲ့သည်။အစည်းအဝေးကို ဆောလျင်စွာကျင်းပရန် ကမ္ဘောဒီးယား၏ တွန်းအားပေးမှုကို အသိအမှတ်ပြုသော်လည်း ထိုင်းနိုင်ငံအနေဖြင့် မိမိတို့၏ အချိန် ဇယားအတိုင်းသာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက အလေးပေးပြောဆိုခဲ့သည်။ မေလအစောပိုင်းတွင် ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေး အပြင်ဘက်ဆွေးနွေးပွဲများတွင် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးနှင့် ယင်းကိစ္စကို ထပ်မံဆွေးနွေးနိုင်ဖွယ်ရှိကြောင်း သိရှိရသည်။သမိုင်းဝင် နယ်စပ်မှတ်တမ်းစာရွက်စာတမ်းများနှင့် ပတ်သက်၍မူ ပြင်သစ် နိုင်ငံက ၎င်းတို့၏ မော်ကွန်းတိုက်ရှိ အထောက်အထားများကို ကြည့်ရှု လေ့လာခွင့်ပေးခြင်းဖြင့် ထိုင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။ကိုးကား- Bangkok Postဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
Sun, 12-Apr-2026