အပစ်အခတ်ရပ်စဲရေးတွင် ၎င်းတို့၏ ပါဝင်ပတ်သက်မှုနှင့်ပတ်သက်၍ ပေကျင်းက နှုတ်ဆိတ်နေဆဲ
ယခုသီတင်းပတ်အတွင်း အီရန်နှင့် အမေရိကန်တို့အကြား ရရှိခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် တရုတ်နိုင်ငံ၏ ပါဝင် ပတ်သက်မှုနှင့်စပ်လျဉ်း၍ ပေကျင်းအစိုးရက နှုတ်ဆိတ်နေဆဲဖြစ်သော်လည်း ဆွေးနွေးပွဲများဖြစ်ပေါ်နေစဉ်အတွင်း အမေရိကန်နှင့် တရုတ်အဆင့်မြင့်အရာရှိများအကြား တွေ့ဆုံဆွေးနွေးမှုများရှိခဲ့ကြောင်း အိမ်ဖြူတော်က အတည်ပြုပြောကြားခဲ့သည်။
ဗုဒ္ဓဟူးနေ့ (ဧပြီ ၈) က ပြုလုပ်ခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပေကျင်း ၏အခန်းကဏ္ဍနှင့် ပတ်သက်သည့် မေးခွန်းများကို ယေဘုယျသဘောဖြင့်သာ ပြန်လည်ဖြေကြားခဲ့ပြီး ပဋိပက္ခများ စတင်ကတည်းက တရုတ် နိုင်ငံအနေဖြင့် တိုက်ပွဲများရပ်တန့်စေရန် တက်ကြွစွာ ကူညီ ဆောင်ရွက် ပေးခဲ့သည်ဟု ဆိုသည်။
"တာဝန်သိသော နိုင်ငံကြီးတစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် ပင်လယ်ကွေ့ နှင့် အရှေ့အလယ်ပိုင်းဒေသတွင် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှု ပြန်လည် ရရှိရန်အတွက် အပြုသဘောဆောင်သောအခန်းကဏ္ဍမှ ဆက်လက် ပါဝင်သွားမည်ဖြစ်ပြီး ကောင်းမွန်သော ပံ့ပိုးကူညီမှုများ ပြုလုပ်သွားမည် ဖြစ်သည်" ဟု မော်နင်က ပြောကြားခဲ့သည်။
ယင်းနောက် နာရီပိုင်းအကြာတွင်ပြုလုပ်ခဲ့သည့် အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲ၌ ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း လီဗစ်က အီရန် အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းမှုများ လုပ်ဆောင်နေသည့် ရက်ပိုင်းအတွင်း အမေရိကန် နှင့်တရုတ်နိုင်ငံတို့အကြား အဆင့်မြင့်ဆွေးနွေးမှုများရှိခဲ့ကြောင်း အတည် ပြုခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း AFP သတင်းဌာနနှင့် အင်တာဗျူးတွင် အီရန်အား အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးပွဲ စားပွဲဝိုင်းသို့ ခေါ်ဆောင်လာနိုင်ရန် တရုတ်နိုင်ငံက အခန်းကဏ္ဍတစ်ခုမှ ပါဝင်ခဲ့သည်ဟု ယုံကြည်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ပေကျင်းအနေဖြင့် ၎င်းတို့၏ သံတမန်ရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ သတင်းစကားထုတ်ပြန်ရာတွင် အထူးဂရုပြုကိုင်တွယ်လေ့ရှိပြီး အထူး သဖြင့် ယခုကဲ့သို့ ထိလွယ်ရှလွယ်ရှိသော အပစ်အခတ် ရပ်စဲရေးကာလတွင် ၎င်းတို့၏ မူလသဘောထားအတိုင်းပင် ဆက်လက် ထိန်းသိမ်းထားခြင်း ဖြစ်သည်။
သို့သော်လည်း တရုတ်နိုင်ငံသည် ပဋိပက္ခတစ်လျှောက်လုံးတွင် မိမိကိုယ် ကို ငြိမ်းချမ်းရေးအတွက် အားထုတ်သူအဖြစ် ပုံဖော်ရန်ကြိုးပမ်းခဲ့သည်။ ယင်းမှာ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကိစ္စရပ်များတွင် တရုတ်၏ ဩဇာ အာဏာကိုမြှင့်တင်ရန်နှင့် အမေရိကန်၏ ဦးဆောင်မှုနှင့်မတူညီသော အခြားရွေးချယ်စရာ ခေါင်းဆောင်မှုပုံစံကိုပြသရန် သမ္မတ ရှီကျင့်ဖျင်၏ မဟာဗျူဟာမြောက် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ထိပ်တန်း သံတမန် ဝမ်ယိက ပဋိပက္ခစတင်ချိန်မှစ၍ ငြိမ်းချမ်းရေးအတွက် နိုင်ငံတကာ များကို ထုတ်ပြန်ခဲ့သည်။
အီရန်နိုင်ငံနှင့် သံတမန်ရေး၊ စီးပွားရေးအရ ရင်းနှီးသော ဆက်ဆံရေးရှိ သကဲ့သို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို လက်ခံကျင်းပပေးမည့် ပါကစ္စတန် နိုင်ငံနှင့်လည်း နီးကပ်သော ဆက်ဆံရေးရှိခြင်းကြောင့် ပေကျင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အဓိကကျသူအဖြစ် ရှုမြင်ခံ နေရသည်။ ပြီးခဲ့သည့်သီတင်းပတ်က ပေကျင်း၌ ဝမ်ယိနှင့် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး အီရှတ်ဒါတို့ တွေ့ဆုံစဉ် ငြိမ်းချမ်းရေးအတွက် အချက် ၅ ချက်ပါဝင်သော ပူးတွဲအစီအစဉ်ကို ထုတ်ပြန်ခဲ့ခြင်းကလည်း တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို ပိုမိုပေါ်လွင်စေခဲ့သည်။
ကိုးကား- CNN
Photo: WHAS11
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
