မြောက်ကိုရီးယားက နည်းပညာမြင့် လက်နက်သစ်စမ်းသပ်မှုများ လုပ်ဆောင်

News Image

  • မြောက်ကိုရီးယားက နည်းပညာမြင့် လက်နက်သစ်စမ်းသပ်မှုများ လုပ်ဆောင်

မြောက်ကိုရီးယားနိုင်ငံသည် ၎င်းတို့၏လက်နက်တိုက်ကို အဆင့်မြှင့်တင်ရန်အတွက် လျှပ်စစ်သံလိုက်လှိုင်းသုံးလက်နက် (EMP)၊ လျှပ်စစ်ဓာတ်အား လိုင်းများကို ပြတ်တောက်စေနိုင်သည့် ကာဗွန်ဖိုင်ဘာဗုံးများနှင့် ရွှေ့လျားလေကြောင်းရန်ကာကွယ်ရေးစနစ်သစ်များကို သုံးရက်ကြာ ဆက်တိုက် စမ်းသပ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန KCNA က ထုတ်ပြန်ခဲ့သည်။

အဆိုပါစမ်းသပ်မှုတွင် နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သော Hwasong-11 ပဲ့ထိန်းဒုံးကျည်အတွက် အစုလိုက်ကွဲထွက်စေသည့် ထိပ်ဖူးအသစ် (Cluster Warhead) လည်း ပါဝင်ခဲ့ပြီး ဒုံးကျည်များသည် ၂၄၀ ကီလိုမီတာမှ ၇၀၀ ကီလိုမီတာအထိ ပျံသန်းနိုင်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က အတည်ပြုခဲ့သည်။ စမ်းသပ်မှုကို ကြီးကြပ်သူ ဗိုလ်ချုပ် ကင်ဂျုံဆစ်က ယင်းလက်နက်များကို နိုင်ငံ၏ အထူးအဖိုးတန်ပစ္စည်းများအဖြစ် တင်စားခေါ်ဝေါ်ခဲ့သည်။

ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်နေစဉ်အတွင်း မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဂျန်ကွန်ချောက တောင်ကိုရီးယားကို "ရန်လိုမှုအရှိဆုံး ရန်သူနိုင်ငံ" အဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့သည်။ အလားတူပင် မြောက်ကိုရီးယားပိုင်နက်အတွင်းသို့ ဒရုန်းများ ကျူးကျော်ဝင်ရောက်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ တောင်ကိုရီးယားအစိုးရက တောင်းပန်ခဲ့ကာ ယင်းမှာ အစိုးရနှင့်မသက်ဆိုင်ဘဲ ပုဂ္ဂလိကလုပ်ဆောင်ချက်သာဖြစ်ကြောင်း ငြင်းဆိုထားပြီး အစိုးရဝန်ထမ်းနှင့် စစ်ဘက်အရာရှိအပါအဝင် လူသုံးဦးကို တရားစွဲဆိုထားသည်။

၂၀၁၉ ခုနှစ်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဆွေးနွေးမှုများပျက်ပြားခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေးမှာ အေးခဲနေခဲ့သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ၎င်းတို့၏ နျူကလီးယား လက်နက်တိုက်သည် အမေရိကန်၏ကျူးကျော်မှုကို ဟန့်တားနိုင်သည့် တစ်ခုတည်းသော လက်နက်ဖြစ်သဖြင့် မည်သည့်အခါမျှ စွန့်လွှတ်မည်မဟုတ်ကြောင်းနှင့် ၎င်းတို့၏ နျူကလီးယားအဆင့်အတန်းကို ဆက်လက် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း အခိုင်အမာ ပြောကြားထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး