Artemis II အာကာသယာဉ်မှူးများ ကမ္ဘာမြေသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိ

News Image

  • Artemis II အာကာသယာဉ်မှူးများ ကမ္ဘာမြေသို့ ဘေးကင်းစွာ ပြန်လည် ရောက်ရှိ

NASA ၏ Artemis II အာကာသယာဉ်မှူးများသည် ကယ်လီဖိုးနီးယား တောင်ပိုင်းကမ်းလွန် ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ဘေးကင်းစွာ ဆင်းသက် နိုင်ခဲ့ပြီးနောက် ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ရာ ယင်းသည် နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း လကမ္ဘာကိုပတ်သည့် ပထမဆုံးလူလိုက်ပါသောခရီးစဉ်ကို အဆုံးသတ်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ 

အဆိုပါမစ်ရှင်သည် NASA ၏ ပထမဆုံး လူလိုက်ပါသည့် Artemis ပျံသန်းမှုဖြစ်ပြီး ၁၉၇၂ ခုနှစ် Apollo 17 နောက်ပိုင်းလူသားများ ကမ္ဘာ့ ပတ်လမ်းကြောင်းနိမ့်ထက်ကျော်လွန်၍ ပထမဆုံးအကြိမ် ခရီးနှင်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ Orion အာကာသယာဉ်ပေါ်တွင် ယာဉ်မှူးချုပ် Reid Wiseman ၊ တွဲဖက်ယာဉ်မှူး Victor Glover ၊ မစ်ရှင်ကျွမ်းကျင်သူ Christina Koch နှင့် ကနေဒါအာကာသအေဂျင်စီမှ အာကာသယာဉ်မှူး Jeremy Hansen တို့ လိုက်ပါခဲ့ကြသည်။

ဧပြီလ ၁ ရက်နေ့တွင် ဖလော်ရီဒါပြည်နယ်ရှိ ကနေဒီအာကာသစင်တာမှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး အာကာသယာဉ်မှူးလေးဦးသည် ဆယ်ရက်ခန့် ကြာမြင့်သော လကမ္ဘာပတ်ခရီးစဉ်အတွင်း အာကာသယာဉ်နှင့် စနစ်များကို စမ်းသပ်ခဲ့ကြရာ ယင်းသည် နောင်လာမည့် မစ်ရှင်များအတွက် လမ်းခင်းပေးရန် ရေးဆွဲထားခြင်းဖြစ်သည်။ ခရီးစဉ်အတွင်း Artemis II သည် လူသားလိုက်ပါသည့် အာကာသခရီးစဉ်များအတွက် အကွာအဝေး စံချိန်သစ်ကို တင်နိုင်ခဲ့ပြီး Apollo 13 တင်ထားသည့်စံချိန်ကို ကျော်ဖြတ် နိုင်ခဲ့ကြောင်း NASA က ပြောကြားသည်။

အာကာသယာဉ်မှူးများသည် လကမ္ဘာ၏ တစ်ဖက်ခြမ်းသို့ လူအများစိတ်ဝင်စားဖွယ် ပျံသန်းမှုတစ်ခုကို ပြုလုပ်ခဲ့ကြပြီး ကမ္ဘာသို့ အပြန်လမ်း တွင် လနှင့်ကမ္ဘာမြေတို့၏ ထူးခြားလှပသော ပုံရိပ်များကို ရိုက်ကူးခဲ့ကြသည်။ နောက်ဆုံးအဆင့် ကမ္ဘာ့လေထုထဲသို့ ပြန်လည်ဝင်ရောက်ခြင်းမှာ အန္တရာယ်အရှိဆုံး အဆင့်များထဲတွင် ပါဝင်ခဲ့သည်။ 

Orion ယာဉ်သည် ကမ္ဘာ့လေထုအတွင်းသို့ အသံထက်မြန်သောအရှိန်ဖြင့် ဝင်ရောက်လာခဲ့ပြီး ပြင်းထန်သောအပူရှိန်ကို ကြုံတွေ့ခဲ့ရသော်လည်း လေထီးများဖြင့် အရှိန်သတ်ကာ သမုဒ္ဒရာအတွင်းသို့ သက်ဆင်းခဲ့သည်။ NASA နှင့် အမေရိကန်ရေတပ် ကယ်ဆယ်ရေးအဖွဲ့များသည် ဆင်းသက် ပြီးနောက် အာကာသယာဉ်နှင့် ယာဉ်မှူးများကို ပြန်လည်ခေါ်ဆောင်ရန် အသင့်စောင့်ဆိုင်းနေခဲ့ကြသည်။

Artemis II သည် လကမ္ဘာပေါ်သို့ ဆင်းသက်ခြင်းမရှိခဲ့သော်လည်း အာကာသယာဉ်မှူးများကို အာကာသအတွင်း ပိုမိုဝေးကွာသည့်နေရာများသို့ ပို့ဆောင်ရန်နှင့် နောက်ဆုံးတွင် လကမ္ဘာသို့ ပြန်လည်စေလွှတ်ရန် လိုအပ်သောစနစ်များအတွက် အရေးပါသောစမ်းသပ်မှုတစ်ခုအဖြစ် NASA က ဖော်ပြခဲ့သည်။ 

စမ်းသပ်ပျံသန်းမှု အများစုကဲ့သို့ပင် Artemis II သည် အခက်အခဲ လုံးဝ ကင်းစင်ခဲ့သည်တော့ မဟုတ်ပေ။ ခရီးစဉ်အစောပိုင်းတွင် ယာဉ်မှူးများ နှင့် မြေပြင်ထိန်းချုပ်ရေးအဖွဲ့များသည် Orion ယာဉ်ရှိ အိမ်သာစနစ်ချို့ယွင်းမှုအတွက် ပြဿနာကိုဖြေရှင်းခဲ့ရပြီး နောက်ပိုင်းတွင် ဆီးစွန့်ထုတ်မှုစနစ် ပြဿနာနှင့် အိမ်သာခန်းအနီးတွင် ထူးဆန်းသော မီးလောင်နံ့ထွက်ပေါ်ခြင်းအပါအဝင် တစ်ကိုယ်ရေသန့်ရှင်းရေးစနစ်ဆိုင်ရာ အခက်အခဲအချို့ကိုလည်း ရင်ဆိုင်ခဲ့ရသည်။ သို့သော် အဆိုပါ အသေးစားချို့ယွင်းချက်များမှာ ကိုင်တွယ်ဖြေရှင်းနိုင်သော အခြေအနေဖြစ်ပြီး မစ်ရှင်ကို ခြိမ်းခြောက်မှုမရှိကြောင်း NASA က ဆိုသည်။

အဆိုပါမစ်ရှင်၏ ရလဒ်များသည် အနာဂတ်တွင် လုပ်ဆောင်မည့် လူလိုက်ပါသော လကမ္ဘာခရီးစဉ် စီမံကိန်းများအပါအဝင် Artemis စီမံကိန်း၏ နောက်ဆက်တွဲအဆင့်များကို ပုံဖော်ပေးလိမ့်မည်ဟု မျှော်လင့်ရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး