အီရန်နှင့်ဖြစ်ပွားနေသော အမေရိကန်-အစ္စရေး စစ်ပွဲနှင့်ပတ်သက်သည့် ဆန္ဒပြမှုများ ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွား
အမေရိကန်၊ အစ္စရေးနှင့် အီရန်နိုင်ငံတို့အကြား တင်းမာမှုများ မြင့်တက်လာပြီး စစ်ပွဲအသွင် ကူးပြောင်းလာသည့်အပေါ် ကမ္ဘာတစ်ဝန်းရှိ မြို့ကြီး များတွင် ယခုသီတင်းပတ်ကုန်၌ ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာလည်း ရှေ့မတိုးနိုင်ဘဲ ဖြစ်နေချိန်တွင် အဆိုပါဆန္ဒပြပွဲများအတွင်း စစ်ပွဲကိုကန့်ကွက်သူများနှင့် လက်ရှိအခြေအနေကို ထောက်ခံသူများအကြား သဘောထားအမြင်များ ပြင်းထန်စွာကွဲပြားနေသည်ကို တွေ့ရှိရသည်။
အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့တွင် ပြုလုပ်သည့်ဆန္ဒပြပွဲ၌ လူထုက စစ်ပွဲရပ်တန့်ရေးကို ဦးတည်တောင်းဆိုခဲ့ကြပြီး ပြည်ပနိုင်ငံများ၏ ဗုံးများဖြင့် လွတ်လပ်မှုကို မဖော်ဆောင်နိုင်ကြောင်းနှင့် စစ်ယန္တရားကို အားပေးနေခြင်းကိုရပ်တန့်ရန် ကြွေးကြော်ခဲ့ကြသည်။ ဆန္ဒပြသူများက လက်ရှိ ခေါင်းဆောင်များသည် ဂါဇာ၊ အီရန်နှင့် လက်ဘနွန်တို့တွင် အဆုံးမသတ်နိုင်သော စစ်ပွဲသံသရာကိုသာ ဖန်တီးနေသည်ဟု ဝေဖန်ခဲ့ကြသည်။
အလားတူ ပြင်သစ်နိုင်ငံ ပါရီမြို့တွင်လည်း အီရန်ကို ဗုံးကြဲတိုက်ခိုက်ခြင်းအား ကန့်ကွက်ခဲ့ကြပြီး အီရန်နိုင်ငံ၏ ပြောင်းလဲမှုသည် ပြည်ပစွက်ဖက်မှု ထက် ပြည်သူတို့၏ ကိုယ်ပိုင်ခုခံအားဖြင့်သာ ဖြစ်ပေါ်လာသင့်ကြောင်း ဖော်ပြခဲ့ကြသည်။
အခြားတစ်ဖက်တွင်မူ အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ်၌ လက်ရှိအီရန်အစိုးရကို ဆန့်ကျင်သူများက အမေရိကန်နှင့် အစ္စရေး အလံများကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။ သို့သော်လည်း လက်ဘနွန် နိုင်ငံ ဘေရွတ်မြို့တွင်မူ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာ အဖွဲ့ ကိုထောက်ခံသူများ စုဝေးခဲ့ကြပြီး ယခုကဲ့သို့ လက်နက်ကိုင်ခုခံမှုသာမရှိပါက နိုင်ငံတကာ၏ အာရုံစိုက်မှုနှင့်ကူညီမှုများကို ရရှိလိမ့်မည်မဟုတ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့ကြသည်။
တောင်အာဖရိကနှင့် မီချီဂန်ပြည်နယ်တို့တွင်လည်း အမေရိကန်၏ ပါဝင်ပတ်သက်မှုကို ကန့်ကွက်သည့် ဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီး အီရန်အပေါ် စစ်ရေးအရခြိမ်းခြောက်နေမှုများကို ရပ်တန့်ရန်နှင့် စစ်ပွဲကြောင့် သေဆုံးနေရသည့် ကလေးသူငယ်များအတွက် တရားမျှတမှု ဖော်ဆောင်ရန် တောင်းဆိုခဲ့ကြသည်။ ခြုံငုံကြည့်ပါက ကမ္ဘာတစ်ဝန်းရှိလူထုသည် စစ်ပွဲ၏ အနိဋ္ဌာရုံကို စိုးရိမ်နေကြသော်လည်း ပဋိပက္ခကိုဖြေရှင်းမည့် နည်းလမ်းအပေါ်တွင်မူ နိုင်ငံရေးအယူအဆအလိုက် လွန်စွာကွဲပြားလျက်ရှိကြောင်း တွေ့ရှိရသည်။
ကိုးကား- CNN
Photo: The Guardian
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
