ထိုင်ဝမ်အတွက် စီးပွားရေးဆိုင်ရာ မက်လုံးပေးမှုအသစ်များကို ပေကျင်း ထုတ်ဖော်ကြေညာ

News Image

  • ထိုင်ဝမ်အတွက် စီးပွားရေးဆိုင်ရာ မက်လုံးပေးမှုအသစ်များကို ပေကျင်း ထုတ်ဖော်ကြေညာ

တရုတ်နိုင်ငံသည် ထိုင်ဝမ်နှင့် ဆက်ဆံရေးအချို့ ပြန်လည်စတင်ရန် ကမ်းလှမ်းမှုနှင့်အတူ စီးပွားရေးဆိုင်ရာ အထူးအခွင့်အရေး အစီအမံသစ် များကို ထုတ်ဖော်ကြေညာလိုက်သည်။ ထိုကြေညာချက်သည် ထိုင်ဝမ်၏ အဓိကအတိုက်အခံပါတီဖြစ်သော ကူမင်တန် (KMT) ဥက္ကဋ္ဌ၏ ပေကျင်း ခရီးစဉ်အပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုင်ဝမ်သည် ၁၉၄၉ ခုနှစ် ပြည်တွင်းစစ်တွင် ရှုံးနိမ့်ခဲ့သော တရုတ် အမျိုးသားရေးဝါဒီ တပ်ဖွဲ့များ ထွက်ပြေးတိမ်းရှောင်သွားခဲ့ချိန်မှစ၍ လက်တွေ့ ၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေတစ်ခု ဖြစ်ခဲ့သည်။ ပေကျင်းကမူ ကုလ သမဂ္ဂအဖွဲ့ဝင်နိုင်ငံအများစုက ထောက်ခံထားသော "တရုတ်တစ်နိုင်ငံတည်း မူဝါဒ" (One China policy) အရ ထိုင်ဝမ်ကို ၎င်း၏ နယ်မြေ အစိတ်အပိုင်း တစ်ခုအဖြစ် မှတ်ယူထားသည်။

ပေကျင်း၏ ထိုင်ဝမ်ရေးရာရုံးသည် ထိုင်ဝမ်ကျွန်းအတွက် အချက် (၁၀) ချက် ပါဝင်သော စီးပွားရေးဆိုင်ရာ အထူးအခွင့်အရေး အစီအစဉ်ကို တနင်္ဂနွေနေ့ (ဧပြီ ၁၂) တွင် ထုတ်ပြန်ခဲ့သည်။ ယင်းအစီအစဉ်တွင် ထိုင်ဝမ် ရေလက်ကြားကို ဖြတ်သန်းသည့် ပုံမှန်တိုက်ရိုက် လေကြောင်း ပျံသန်းမှု များကို အမြန်ဆုံးပြန်လည်စတင်ရန်နှင့် ထိုင်ဝမ်စားသောက်ကုန်များတရုတ်စျေးကွက်သို့တင်သွင်းရာတွင် ပိုမိုလွယ်ကူချောမွေ့စေရန်တို့ ပါဝင်သည်။ ထို့အပြင် တရုတ်ပြည်မကြီးနှင့် ပထဝီဝင်အနေအထားအရ ပိုမိုနီးကပ်ပြီး ထိုင်ဝမ်က အုပ်ချုပ်နေသော မတ်စု (Matsu) နှင့် ကင်မန် (Kinmen) ကျွန်းစုများသို့ စွမ်းအင်နှင့် ရေပေးဝေမှု မျှဝေရန်နှင့် ၎င်းကျွန်း များသို့ ဆက်သွယ်မည့် တံတားတစ်စင်း တည်ဆောက်ရန်အတွက်လည်း ထိုစီမံကိန်းတွင် ရည်မှန်းထားသည်။

အဆိုပါကြေညာချက်သည် သောကြာနေ့ (ဧပြီ ၁၀) တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့သည့် ကူမင်တန် (KMT) ဥက္ကဋ္ဌ ချန်လီဝမ် (Cheng Li-wun) ၏ ခြောက်ရက်ကြာ ခရီးစဉ်အပြီးတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ယင်းခရီးစဉ်ကို ထိုင်ဝမ်၏ အာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) က အကြိမ်ကြိမ်ရှုတ်ချခဲ့ပြီး ထိုင်ဝမ်၏ ပြည်မ ရေးရာကောင်စီ (MAC) ကလည်း ချန်အနေဖြင့် ပြည်မကြီးခရီးစဉ် အတွင်း စည်းကျော်မှုများပြုလုပ်ခဲ့ပါက ထောင်ဒဏ်ကျခံရနိုင်ကြောင်း သတိပေးထားခဲ့သည်။

ချန်ကမူ အဆိုပြုထားသည့် အထူးအခွင့်အရေး အစီအမံများအတွက် တရုတ်ခေါင်းဆောင်ပိုင်းကို အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။ သူမက "ရှီနှင့်တွေ့ဆုံစဉ် ကျွန်မပြောခဲ့သလိုပဲ၊ ကိစ္စရပ်တွေကို တစ်ခုချင်းစီ လုပ်ဆောင်သွားရမှာပါ" ဟု ဆိုသည်။

သို့သော်လည်း ထိုင်ဝမ်အာဏာပိုင်များက ပေကျင်းအပေါ် မယုံကြည်မှု ကို ပွင့်ပွင့်လင်းလင်း ပြသခဲ့ပြီး KMT ပါတီ၏ ဘေးဖယ်ထုတ်ခြင်းခံရမှု အပေါ် မကျေနပ်ကြောင်း ဖော်ပြခဲ့ကြသည်။ သမ္မတရုံးပြောရေး ဆိုခွင့် ရှိသူ ကရင်ကော် (Karen Kuo) က "ဘယ်လို အပြန်အလှန် ဆက်ဆံမှုမျိုးမဆို နိုင်ငံရေးအရ ကြိုတင်သတ်မှတ်ချက်တွေ မရှိသင့် သလို သတ်မှတ်ထားတဲ့ ပါတီအဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးအမြတ်ထုတ်မှု ဒါမှမဟုတ် အပေးအယူလုပ်မှုတွေအတွက် ကိရိယာတစ်ခုအဖြစ် အသုံး မချသင့်ဘူး" ဟု ပြောကြားခဲ့သည်။

MAC ကလည်း ပေကျင်း၏နောက်ဆုံးကြေညာချက်အပေါ် သတိထားရန် တိုက်တွန်းခဲ့ပြီး ယခင်ကလည်း အလားတူအစီအမံများကို တရုတ် ဘက်က အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ပြီးမှ ပြန်လည်ရပ်ဆိုင်းခဲ့ဖူးကြောင်း ပြောကြားခဲ့သည်။ "အခုလည်း အရင်ပုံစံအတိုင်း ထပ်ဖြစ်နေတာပါ ၊ ထိုင်ဝမ်ရဲ့ စက်မှုကဏ္ဍ၊ တောင်သူလယ်သမားတွေ၊ ရေလုပ်သားတွေနဲ့ ပြည်သူလူထုရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားတွေအတွက် ဘယ်လို အဖွဲ့အစည်းဆိုင်ရာ အကာအကွယ်မှ မရှိတဲ့အတွက် ဒီအစီအမံတွေဟာ အလွန်အန္တရာယ်များပါတယ်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး