ရုရှား၏ စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်ကို IMF မြှင့်တင်သတ်မှတ်

News Image

  • ရုရှား၏ စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်ကို IMF မြှင့်တင်သတ်မှတ်

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) သည် ကုန်စည်ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ရုရှားနိုင်ငံ၏ စီးပွားရေးတိုးတက်မှု ခန့်မှန်းချက် ကို မြှင့်တင်လိုက်သော်လည်း အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ကမ္ဘာ့ စီးပွားရေးအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်ကြောင်း သတိပေးခဲ့သည်။

အင်္ဂါနေ့ (ဧပြီ ၁၄) က ထုတ်ပြန်ခဲ့သည့် နောက်ဆုံးရ ကမ္ဘာ့စီးပွားရေး အလားအလာ (World Economic Outlook) အစီရင်ခံစာတွင် IMF က ၂၀၂၆ ခုနှစ်၌ ရုရှား၏ ဂျီဒီပီ (GDP) သည် 1.1% တိုးတက်လာမည်ဟု ခန့်မှန်းထားပြီး၊ ယင်းမှာ ဇန်နဝါရီလက ခန့်မှန်းချက်ထက် 0.3% ပိုမို မြင့်တက်လာခြင်းဖြစ်သည်။ ကုန်စည်ဈေးနှုန်းများ မြင့်တက်လာခြင်း ကြောင့် ယခုကဲ့သို့ ပြင်ဆင်သတ်မှတ်ရခြင်းဖြစ်ပြီး ယင်းအရှိန်အဟုန်မှာ ၂၀၂၇ ခုနှစ်အထိ ဆက်လက်ရှိနေမည်ဟု မျှော်လင့်ရကြောင်း အစီရင်ခံ စာတွင် ဖော်ပြထားသည်။ ငွေကြေးဖောင်းပွမှုမှာ ၂၀၂၅ ခုနှစ်တွင် 8.7% ရှိခဲ့ရာမှ ယခုနှစ်တွင် 5.6% သို့ ကျဆင်းသွားမည်ဖြစ်ပြီး ၂၀၂၇ ခုနှစ်တွင် 4.3% အထိ ဆက်လက်လျော့နည်းသွားမည်ဟု ခန့်မှန်းထားသည်။ ရုရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနကမူ ၂၀၂၆ ခုနှစ်တွင် 1.3% နှင့် ၂၀၂၇ ခုနှစ်တွင် 2.8% အထိ တိုးတက်မည်ဟု ပိုမိုအကောင်းမြင်သည့် ခန့်မှန်းချက်များကို ထုတ်ပြန်ထားသည်။

စွမ်းအင်ဈေးကွက်နှင့် ကမ္ဘာ့စီးပွားရေးအကျပ်အတည်း 

အီရန်အပေါ် အမေရိကန်-အစ္စရေး၏ စစ်ပွဲနှင့် ဒေသတွင်း အီရန်၏ လက်တုံ့ပြန်တိုက်ခိုက်မှုများကြောင့် ကမ္ဘာ့စွမ်းအင်ဈေးကွက်အပေါ် ဖိအား များ ပြန်လည်ရောက်ရှိနေချိန်တွင် IMF ၏ ယခုခန့်မှန်းချက် ထွက်ပေါ် လာခြင်းဖြစ်သည်။ အဆိုပါ ပဋိပက္ခကြောင့် ကမ္ဘာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ထောက်ပံ့မှု၏ အဓိကလမ်းကြောင်းဖြစ်သော ဟော်မုဇ် ရေလက်ကြားမှတစ်ဆင့် ကုန်စည်စီးဆင်းမှုများကို ထိရောက်စွာ ပိတ်ဆို့ လိုက်သကဲ့သို့ ဖြစ်စေခဲ့သည်။

စစ်မက်ဖြစ်ပွားမှုများ ဆက်လက်ရှိနေပါက ရေနံထောက်ပံ့မှု ပြတ်တောက်ခြင်း နှင့် အရေးကြီးသော စွမ်းအင်အခြေခံအဆောက်အအုံများ ပျက်စီးခြင်းတို့ကြောင့် အဓိက စွမ်းအင်အကျပ်အတည်း ဖြစ်လာနိုင်ခြေရှိကြောင်း IMF က သတိပေးခဲ့သည်။ စွမ်းအင်တင်သွင်းမှုအပေါ် အလွန်အမင်း မှီခို နေရသော နိုင်ငံများသည် အထူးသဖြင့် ထိခိုက်လွယ်သော အခြေအနေတွင် ရှိနေကြောင်း ဆိုသည်။

ထိုနောက်ခံအခြေအနေများကြောင့် IMF သည် ကမ္ဘာ့စီးပွားရေး တိုးတက်မှုခန့်မှန်းချက်ကို ယခင်က 3.4% ဟု ခန့်မှန်းထားရာမှ 3.1% သို့ လျှော့ချ ခဲ့ပြီး ၂၀၂၇ ခုနှစ်တွင် 3.2% သို့ ပြန်လည်ဦးမော့လာမည်ဟု ခန့်မှန်းထားသည်။ ထို့ပြင် အမေရိကန်၏ စီးပွားရေးတိုးတက်မှု နှေးကွေးခြင်းနှင့် ဒေါ်လာဈေး အားနည်းလာခြင်းတို့ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း ခန့်မှန်းထားသည်။

ဥရောပအပေါ် သက်ရောက်မှုနှင့် ကမ္ဘာ့စွမ်းအင်တုန်လှုပ်မှု 

IMF သည် ယူရိုဇုန် (Euro Area) ၏ စီးပွားရေးအလားအလာကိုလည်း လျှော့ချခဲ့ပြီး ယင်းသို့ နှေးကွေးရခြင်းမှာ အရှေ့အလယ်ပိုင်း ပဋိပက္ခ၏ ဆိုးကျိုးများ သက်ရောက်မှုကြောင့်ဖြစ်သည်ဟု ဆိုသည်။ ယူကရိန်း ပဋိပက္ခ ပြင်းထန်လာချိန်မှစ၍ မြင့်တက်နေသည့် စွမ်းအင်ဈေးနှုန်းများ ၏ ရေရှည်သက်ရောက်မှုများသည် ယူရိုငွေတန်ဖိုး မြင့်တက်လာမှုနှင့်အတူ ကုန်ထုတ်လုပ်မှုကဏ္ဍကို ထိခိုက်စေလျက်ရှိကြောင်း အစီရင်ခံစာက ဖော်ပြ ထားသည်။

IMF အမှုဆောင်ဒါရိုက်တာ Kristalina Georgieva က အရှေ့အလယ်ပိုင်း ပဋိပက္ခသည် ကမ္ဘာ့စွမ်းအင်ထောက်ပံ့မှုအပေါ် ကြီးမားသော တုန်လှုပ်မှု (Shock) ဖြစ်စေခဲ့ကြောင်း ပြီးခဲ့သည့်သီတင်းပတ်က သတိပေးခဲ့သည်။ ကမ္ဘာ့ရေနံထုတ်လုပ်မှုသည် 13% အထိ ကျဆင်းသွားခဲ့ပြီး စွမ်းအင်၊ ကုန်စည်နှင့် မြေဩဇာကဏ္ဍများတစ်လျှောက် ကွင်းဆက်သက်ရောက်မှုများ ရှိနေပြီဖြစ်ကြောင်း သူမက ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး