အီရတ်နိုင်ငံ၏ ရေနံစိမ်းတင်ပို့မှု မတ်လတွင် သိသိသာသာကျဆင်း
ဘဂ္ဂဒက် ဧပြီ ၁၃
အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် အီရတ်နိုင်ငံ၏ ရေနံစိမ်းတင်ပို့မှုသည် မတ်လတွင် ရေနံစိမ်းစည် ၁၈ ဒသမ ၆ သန်း ခန့်အထိ ကျဆင်းသွားခဲ့ကြောင်း အီရတ်နိုင်ငံပိုင်ရေနံဈေးကွက် ရှာဖွေရေးအဖွဲ့အစည်း (SOMO) က ဧပြီ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
ယင်းပမာဏမှာ ဖေဖော်ဝါရီလက တင်ပို့ခဲ့သည့် ရေနံစိမ်းစည် ၉၉ ဒသမ ၈ သန်းနှင့် နှိုင်းယှဉ်ပါက သိသိသာသာ ကျဆင်းသွားခြင်းဖြစ် သည်။ SOMO ၏ တရားဝင်ထုတ် ပြန်ချက်တွင် မတ်လ ရေနံစိမ်း စည်တင်ပို့မှုမှဝင်ငွေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၉၅ ဘီလီယံ ကျော်သာရှိခဲ့ပြီး ဖေဖော်ဝါရီလက ရရှိသည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံနှင့် နှိုင်းယှဉ်ပါက အလွန်ထင်ရှားစွာ လျော့နည်း ကျဆင်းသွားခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် ရေကြောင်းပိတ်ဆို့မှုများကြောင့် အများဆုံးထိခိုက်ခံစားရသည့် အီရတ်နိုင်ငံ အလယ်ပိုင်း နှင့် တောင်ပိုင်းဒေသများရှိ ရေနံမြေများမှ စုစုပေါင်းတင်ပို့မှုမှာ မတ်လတွင် ရေနံစိမ်းစည် ၁၄ ဒသမ ၅ သန်းခန့်သာရှိခဲ့ကြောင်း သိရသည်။ အီရတ်နိုင်ငံသည် ပုံမှန်အားဖြင့် တစ်လလျှင် ရေနံစိမ်း စည် သန်း ၁၀၀ ဝန်းကျင်ခန့် တင်ပို့မှုရှိကြောင်း၊ သို့သော်လည်း အရှေ့အလယ်ပိုင်း ဒေသတွင် ဖေဖော်ဝါရီ ၂၈ ရက် ပဋိပက္ခ စတင်ဖြစ်ပွားပြီးနောက် ရေနံစိမ်းတင်ပို့မှုပမာဏမှာ သိသိသာသာ လျော့နည်းကျဆင်း လာကြောင်း သိရသည်။
အီရတ်နိုင်ငံ၏ စီးပွားရေးသည် ရေနံစိမ်းတင်ပို့မှုအပေါ်တွင် များစွာမှီခိုအားထားနေရကြောင်း၊ ထိုကဲ့သို့ တင်ပို့မှုမှရရှိသည့် ဝင်ငွေသည် တစ်နိုင်ငံလုံး စုစုပေါင်း ဝင်ငွေ ၏ ၉၀ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။
ဆင်ဟွာ
MDN
