ဟန်ဂေရီအစိုးရသစ်နှင့် လက်တွေ့ကျသောဆက်ဆံရေး တည်ဆောက်ရန် အသင့်ရှိကြောင်း ရုရှား ထုတ်ဖော်ပြောကြား
ဟန်ဂေရီနိုင်ငံတွင် မကြာသေးမီက ကျင်းပပြီးစီးခဲ့သော အထွေထွေရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ဗစ်တာ အော်ဘန်၏ Fidesz ပါတီသည် အတိုက်အခံ ပီတာ မက်ဂျာ ဦးဆောင်သည့် Tisza ပါတီကို အရေးနိမ့်သွားခဲ့သည်။ Tisza ပါတီသည် မဲအရေအတွက် ၅၃ ရာခိုင်နှုန်းကျော် ရရှိကာ ပါလီမန်တွင် အပြတ်အသတ်အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
ယင်းအပြောင်းအလဲနှင့် ပတ်သက်၍ ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စကော့ဗ်က ရုရှားအနေဖြင့် ဟန်ဂေရီအစိုးရသစ်နှင့် လက်တွေ့ ကျသောဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းသွားရန်မျှော်လင့်ကြောင်း တနင်္လာနေ့ (ဧပြီ ၁၃) တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။
ရှုံးနိမ့်သွားသည့် ဝန်ကြီးချုပ် အော်ဘန်သည် ၎င်း၏ ရာထူးသက်တမ်းတစ်လျှောက် ရုရှားအပေါ် ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများကို ဆန့်ကျင်ခြင်း၊ ယူကရိန်းသို့ စစ်ရေးအကူအညီပေးမှုကို ဟန့်တားခြင်းနှင့် စွမ်းအင်ကဏ္ဍတွင် မော်စကိုနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်ခြင်း စသည့် သီးခြားလွတ်လပ်သောလမ်းစဉ်ကို လျှောက်လှမ်းခဲ့သူဖြစ်သည်။ ထို့ပြင် ၎င်းသည် ရွှေ့ပြောင်းအခြေချမှုနှင့် LGBTQ အခွင့်အရေးဆိုင်ရာ EU မူဝါဒ များကိုလည်း ပြင်းထန်စွာ ဆန့်ကျင်ခဲ့သဖြင့် ဘရပ်ဆဲလ်ရှိ ခေါင်းဆောင်များနှင့် မကြာခဏ သဘောထားကွဲလွဲမှုများ ရှိခဲ့သည်။
လက်ရှိတွင် ရုရှားသမ္မတ ပူတင်နှင့် အနိုင်ရပါတီခေါင်းဆောင် မက်ဂျာတို့ အကြား တိုက်ရိုက်ဆက်သွယ်ရန် အစီအစဉ် မရှိသေးသော်လည်း မော်စကို နှင့် ဘူဒါပတ်စ်တို့အကြား အတူတကွ အပြီးသတ်ရန် လိုအပ်သည့် ပူးတွဲစီမံကိန်းများစွာရှိနေကြောင်း ပက်စကော့ဗ်က ထောက်ပြခဲ့သည်။ ရုရှား အစိုးရအနေဖြင့် ဟန်ဂေရီခေါင်းဆောင်သစ်နှင့် ချစ်ကြည်ရင်းနှီးပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိမည့်ဆက်ဆံရေးမျိုး တည်ဆောက်ရန် ဆွေးနွေးမှု များအတွက် အမြဲတမ်း လမ်းဖွင့်ထားကြောင်း အလေးပေး ပြောကြားခဲ့သည်။ သို့သော် နှစ်နိုင်ငံဆက်ဆံရေး အနာဂတ်မှာ မက်ဂျာ ဦးဆောင်မည့် အစိုးရသစ်၏ ရှေ့ဆက်မည့်သဘောထားအပေါ်တွင်သာ အဓိက မူတည်နေကြောင်း သိရှိရသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
