အီရန်နိုင်ငံက အာရပ်နိုင်ငံများထံမှ လျော်ကြေးငွေ တောင်းဆို
အမေရိကန်နှင့် အစ္စရေးတို့က မိမိတို့၏ နယ်မြေအတွင်းသို့ လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်၍ အမေရိကန် စစ်အခြေစိုက် စခန်းများလက်ခံထားသည့် အာရပ်ငါးနိုင်ငံအနေဖြင့် လျော်ကြေးပေးရန် အီရန်နိုင်ငံက တောင်းဆိုလိုက်သည်။
တနင်္လာနေ့ (ဧပြီ ၁၃) တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ထံသို့ပေးပို့သည့် စာတစ်စောင်၌ အီရန် သံအမတ် အာမီရ် ဆာအိဒ် အီရာဗာနီက ဆော်ဒီအာရေဗျ၊ ဘာရိန်း၊ ကာတာ၊ ယူအေအီးနှင့် ဂျော်ဒန်နိုင်ငံတို့သည် အမေရိကန်အား ၎င်းတို့၏ နယ်မြေကို အသုံးပြု၍ အီရန်ကိုတိုက်ခိုက်ရန် ခွင့်ပြုခဲ့ကြောင်းနှင့် အချို့သော ဖြစ်စဉ်များတွင် အရပ်ဘက်ဆိုင်ရာနေရာများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ၌ တိုက်ရိုက် ပါဝင်ပတ်သက်ခဲ့ကြောင်း စွပ်စွဲ ပြောကြား ခဲ့သည်။
ထို့ပြင် အဆိုပါ အာရပ်နိုင်ငံများသည် ၎င်းတို့၏ နိုင်ငံတကာ ဥပဒေချိုးဖောက်သည့် လုပ်ရပ်များကြောင့် ဖြစ်ပေါ်ခဲ့သော ရုပ်ဝတ္ထုပစ္စည်း ဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုများ အားလုံးအတွက် အီရန် အစ္စလာမ်မစ် သမ္မတနိုင်ငံသို့ အပြည့်အဝ လျော်ကြေးပေးသင့်ကြောင်း အီရာဗာနီက ဆက်လက်ပြောကြားခဲ့သည်။
ပင်လယ်ကွေ့နိုင်ငံများကလည်း စစ်ပွဲကြောင့်ဖြစ်ပေါ်ခဲ့သော ပျက်စီးဆုံးရှုံးမှုများအတွက် အီရန်တွင်တာဝန်ရှိကြောင်း ယခင်က တောင်းဆိုခဲ့ကြသော်လည်း ယင်းတောင်းဆိုချက်သည် ဥပဒေကြောင်းအရ ခိုင်လုံမှုမရှိသည့်အပြင် ဖြစ်ရပ်မှန်နှင့် ဥပဒေရေးရာ လက်တွေ့ အခြေအနေများနှင့်လည်း အခြေခံအားဖြင့်ကွဲလွဲနေသည်ဟု အီရာဗာနီက ပယ်ချခဲ့သည်။
အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်၏ နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည် အစီအစဉ်များကို ဖျက်သိမ်းရန် ရည်ရွယ်သည်ဟုဆိုကာ ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်နိုင်ငံအတွင်းသို့ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။ အဆိုပါတိုက်ခိုက်မှုများကြောင့် အီရန်၏ ကာလရှည် အဓိပတိ အလီ ခါမေနီ အပါအဝင် အဆင့်မြင့်အရာရှိကြီး ဒါဇင်နှင့်ချီ၍ သေဆုံးခဲ့ရသလို အရပ်သား ၁,၃၀၀ ကျော်လည်း အသက်ဆုံးရှုံးခဲ့ရသည်။ ထို့ပြင် အမေရိကန်နှင့် အစ္စရေးတို့သည် စစ်ရေးပစ်မှတ်များသာမက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများ၊ တံတားများ၊ တက္ကသိုလ်များနှင့် စာသင်ကျောင်းများကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြသည်။
အီရန်ကလည်း ဒေသတွင်းရှိ အမေရိကန်စစ်စခန်းများနှင့် ပင်လယ်ကွေ့နိုင်ငံများရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာအဆောက်အအုံများ၊ လေဆိပ်များနှင့် ဆိပ်ကမ်းများ အပါအဝင် အရပ်ဘက်အခြေခံအဆောက်အအုံများကို ပြန်လည်တိုက်ခိုက်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။ ယင်းတိုက်ခိုက်မှုများသည် မိမိကိုယ်ကို ခုခံပိုင်ခွင့်ကို ကျင့်သုံးခြင်းသာဖြစ်ကြောင်း တီဟီရန်က ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
