ဟော်မုဇ်ရေလက်ကြားအနီး အီရန်သင်္ဘောကို အမေရိကန် သိမ်းဆည်းပြီးနောက် ရေနံစျေးနှုန်းများ ထိုးတက်သွား

News Image

  • ဟော်မုဇ်ရေလက်ကြားအနီး အီရန်သင်္ဘောကို အမေရိကန် သိမ်းဆည်းပြီးနောက် ရေနံစျေးနှုန်းများ ထိုးတက်သွား

ဟော်မုဇ်ရေလက်ကြားအနီးတွင် အီရန်အလံလွှင့်ထူထားသော ကုန်တင်သင်္ဘောတစ်စင်းကို အမေရိကန်က သိမ်းဆည်းလိုက်ပြီးနောက် အီရန် နှင့်စစ်ပွဲတွင် ငြိမ်းချမ်းရေးရရှိရန် မျှော်လင့်ချက်များ မှေးမှိန်သွားကာရေနံထောက်ပံ့မှုအပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်လာခြင်းကြောင့် တနင်္လာနေ့ (ဧပြီ ၂၀) တွင် ရေနံစျေးနှုန်းများ ထိုးတက်သွားခဲ့သည်။

သီတင်းပတ်ပေါင်းများစွာ စျေးနှုန်းအတက်အကျ မတည်မငြိမ်ဖြစ်ပြီးနောက် နောက်ဆုံးအခြေအနေတွင် Brent ရေနံစျေးမှာ တစ်စည်လျှင် $96 အထက် နှင့် West Texas Intermediate (WTI) စျေးမှာ တစ်စည်လျှင် $88 အထက်သို့ ၆ ရာခိုင်နှုန်းကျော် အသီးသီး မြင့်တက်သွားခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းက ဟော်မုဇ်ရေလက်ကြားကို ခေတ္တပြန်ဖွင့်ပေးခဲ့သော်လည်း ယခုအခါ သင်္ဘောသွားလာမှုများ ထပ်မံပြတ်တောက် သွားခြင်းကြောင့် စျေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်။ အမေရိကန် ၏ ရေတပ်ပိတ်ဆို့မှုကို မဖယ်ရှားမချင်း ၎င်းလမ်းကြောင်းကို ဆက်လက် ကန့်သတ်ထားမည်ဟု တီဟီရန်က သတိပေးထားသည်။

တနင်္ဂနွေနေ့ (ဧပြီ ၁၉) က အိုမန်ပင်လယ်ကွေ့အတွင်း အီရန်အလံ လွှင့်ထူထားသော Touska ကုန်တင်သင်္ဘောကို အမေရိကန် စစ်သင်္ဘော တစ်စင်းက ပစ်ခတ်သိမ်းဆည်းခဲ့သည်။ အမေရိကန်စစ်တပ်၏ ပြောကြားချက်အရ အဆိုပါသင်္ဘောသည် ရေတပ်ပိတ်ဆို့မှုကို ဖောက်ဖျက်ကာ ဟော်မုဇ် ရေလက်ကြားမှတစ်ဆင့် ဘန်ဒါအဘတ်စ် (Bandar Abbas) ဆိပ်ကမ်းသို့ ရောက်ရှိရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ တီဟီရန်ကမူ ထိုလုပ်ရပ်ကို ‘လက်နက်ကိုင် ပင်လယ်ဓားပြမှု’ ဟု ရှုတ်ချခဲ့ပြီး ဝါရှင်တန်သည် ဧပြီလ ၈ ရက်နေ့ကတည်းက သဘောတူထားသည့် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်နေသည်ဟု စွပ်စွဲကာ လက်တုံ့ပြန်သွားမည်ဟု သတိပေးခဲ့သည်။

အမေရိကန်-အစ္စရေးတို့၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အီရန်သည် ကမ္ဘာ့ရေနံ ၂၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းရာ ရေလက်ကြားလမ်းကြောင်း တွင် ရန်ဘက်နိုင်ငံများ၏ သင်္ဘောများဖြတ်သန်းမှုကို ကန့်သတ်ခဲ့ရာ ထောက်ပံ့ရေးကွင်းဆက်များပိတ်ဆို့ကာ စျေးနှုန်းများမြင့်တက်လာစေခဲ့သည်။ ယခုလအစောပိုင်း အစ္စလာမ်မာဘတ်တွင် ပြုလုပ်ခဲ့သည့် အမေရိကန်-အီရန် ဆွေးနွေးပွဲ ပထမအကျော့အတွင်း ရေလက်ကြား ပြန်ဖွင့်နိုင်မည်ဟူသော မျှော်လင့်ချက်ကြောင့် စျေးနှုန်းများ ခေတ္တကျဆင်းခဲ့သော်လည်း ဆွေးနွေးပွဲများပျက်ပြားသွားပြီးနောက် စျေးနှုန်းများ ပြန်လည်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ပင်လယ်ကွေ့နိုင်ငံများမှ ရေနံတင်ပို့မှုများ ထပ်မံပြတ်တောက်နိုင်သည့် အန္တရာယ်ကြောင့် စျေးကွက်အတွင်း တုံ့ပြန်မှုများဖြစ်ပေါ်နေခြင်း ဖြစ်သည်ဟု လေ့လာဆန်းစစ်သူများက ဆိုသည်။ အဓိကရေနံ တင်ပို့သည့် ကူဝိတ်နိုင်ငံသည်လည်း ၎င်း၏ ရေနံနှင့်လောင်စာဆီ တင်ပို့မှုအချို့အတွက် Force Majeure (မလွှဲမရှောင်သာသော အခြေအနေကြောင့် ကတိကဝတ်အတိုင်း မဆောင်ရွက်နိုင်ခြင်း) ကို ကြေညာထားသည်ဟု သိရှိရသည်။

OPEC+ ၏ ထုတ်လုပ်မှု ကန့်သတ်ချက်များအပြင် သင်္ဘောတင်ခနှင့် အာမခံစရိတ်များ မြင့်မားလာခြင်းတို့ကြောင့် ထုတ်လုပ်သူများအနေဖြင့် လိုအပ် နေသောရေနံစည်များကို အစားထိုးဖြည့်ဆည်းရန် အခက်အခဲဖြစ်နေသည်။ လုပ်ငန်းကဏ္ဍ၏ ခန့်မှန်းချက်များအရ လက်ရှိတွင် ရေနံစည် သန်းပေါင်း ရာနှင့်ချီ၍ အဆိုပါပိတ်ဆို့နေသော လမ်းကြောင်းနောက်ကွယ်တွင် သောင်တင်နေကြောင်း သိရှိရသည်။

ရေနံစိမ်းစျေးနှုန်းများ မြင့်တက်လာခြင်းသည် ဥရောပ၊ အမေရိကန်နှင့် အာရှဒေသအချို့ရှိ ဓာတ်ဆီနှင့် ဒီဇယ်စျေးနှုန်းများအပေါ် တိုက်ရိုက် သက်ရောက်မှု ရှိနေသည်။ သိုလှောင်ရုံလက်ကား ဓာတ်ငွေ့စျေးနှုန်းများ (Wholesale gas prices) မြင့်တက်လာသည့်အပြင် လေယာဉ်ဆီ စျေးနှုန်း၏ အညွှန်းကိန်းဖြစ်သော အိမ်သုံးအပူပေးဆီ (Heating-oil) ကြိုတင်ရောင်းဝယ်မှုစျေးနှုန်းများလည်း မြင့်တက်လျက်ရှိသည်။ စွမ်းအင် သုံးစွဲခများ တစ်ကျော့ပြန် အဆမတန် မြင့်တက်လာခြင်းသည် လူထု၏ မကျေနပ်မှုများကို ပိုမိုဆိုးရွားစေသည်။

ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုသည် ကမ္ဘာ့စီးပွားရေးတစ်ရပ်လုံးအပေါ် ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ စျေးကွက် မတည်မငြိမ် ဖြစ်မှုများ ပိုမိုမြင့်တက်လာနိုင်ပြီး လာမည့် ၆ ပတ်အတွင်း ဥရောပတွင် လေယာဉ်ဆီပြတ်လပ်မှုများ ကြုံတွေ့ရနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) က သတိပေးထားသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများကလည်း မြေသြဇာနှင့် စိုက်ပျိုးရေး ထောက်ပံ့မှုကွင်းဆက်များ ထိခိုက်လာခြင်းကြောင့် ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံမှုအပေါ် ဆက်စပ်ဆိုးကျိုးများ ရှိလာနိုင်ကြောင်း ထောက်ပြထား ကြသည်။

ရုရှား၏ ထောက်ပံ့မှုများကို ပိတ်ဆို့အရေးယူထားပြီးနောက် အရှေ့အလယ်ပိုင်း ရေနံကိုသာ အဓိကအားကိုးနေရသဖြင့် ဥရောပသည် ယခု ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုတွင် အထိနာဆုံးဖြစ်လာနိုင်သည်ဟု ရှုမြင်ခံနေရသည်။ ဆန့်ကျင်ဘက်အနေဖြင့် မော်စကိုသည် ရေနံစျေးနှုန်း မြင့်တက်လာခြင်းနှင့် ၎င်းတို့၏ ရေနံစိမ်းအပေါ် ဝယ်လိုအား ပိုမိုများပြားလာခြင်းတို့ကြောင့် အကျိုးအမြတ်များ ရရှိနေပြီး တစ်နေ့လျှင် ဒေါ်လာ သန်း ၁၅၀ ခန့်အထိ အပိုဆောင်းအကျိုးအမြတ်ရရှိနေကြောင်း ခန့်မှန်းရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး