ရတနာပုံတက္ကသိုလ်၌ မူလတန်းပြ ဆရာ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း ဖွင့်လှစ်

News Image

  • ရတနာပုံတက္ကသိုလ်၌ မူလတန်းပြ ဆရာ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း ဖွင့်လှစ်

မန္တလေး     ဧပြီ     ၂၂

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ရတနာပုံတက္ကသိုလ်က  ကြီးမှူး၍   အင်္ဂလိပ်စာဌာနက ဦးစီးပြီး အမရပူရခရိုင်နှင့် မဟာအောင်မြေခရိုင်တို့မှ မူလတန်းပြ ဆရာ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း (Main Course)သင်တန်း ဖွင့်ပွဲအခမ်းအနားကို  ဧပြီ   ၂၀  ရက်  နံနက်  ၉  နာရီက  အဆိုပါတက္ကသိုလ်ရှိ   အားကစားခန်းမ (၂)၌   ကျင်းပရာ   ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များ   ဖြစ်ကြသည့် ဒေါက်တာသွယ်လင်းကို၊ ဒေါက်တာ ခင်မော်မော်စိုး၊ ဒေါက်တာ ဦးဝင်းနိုင်၊ အင်္ဂလိပ်စာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာ အိအိစိုးမင်း နှင့် သင်တန်းပို့ချပေးမည့် ဆရာ ဆရာမများ၊ အမရပူရခရိုင်နှင့် မဟာအောင်မြေခရိုင်မှ ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား ဆရာ ဆရာမများ တက်ရောက်ကြသည်။

ဦးစွာ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ်က  အမှာစကား ပြောကြားသည်။  ထို့နောက် အင်္ဂလိပ်စာဌာနမှ ပါမောက္ခ(ဌာနမှူး)ဒေါက်တာအိအိစိုးမင်းက သင်တန်းပို့ချရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါ   အင်္ဂလိပ်စာအရည် အသွေးမြှင့်သင်တန်းသို့   အမရပူရခရိုင်မှ သင်တန်းသားဆရာ ဆရာမ ၅၀  နှင့်   မဟာအောင်မြေခရိုင်မှ သင်တန်းသား    ဆရာ   ဆရာမ ၅၀ တက်ရောက်ကြပြီး သင်တန်းကာလမှာ မေ  ၂၂ ရက်အထိဖြစ်ပြီး     Module 1: Developing Communicative Skills,  Module 2: Communicative Grammar, Module 3: FamiliarisingTeachers with Materials, Module 4: Classroom Language  ဘာသာရပ်များကို  ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

တင်မောင်(မန္တလေး)

MDN