ဟော်မုဇ်ရေလက်ကြား- အမေရိကန်နှင့် အီရန် ဆွေးနွေးပွဲများ၏ အဓိကအကျပ်အတည်း

News Image

  • ဟော်မုဇ်ရေလက်ကြား- အမေရိကန်နှင့် အီရန် ဆွေးနွေးပွဲများ၏ အဓိကအကျပ်အတည်း

အမေရိကန်-အစ္စရေး တိုက်ခိုက်မှုများကြောင့် စတင်ခဲ့သောစစ်ပွဲကို အဆုံးသတ်ရန် တီဟီရန်နှင့် ဝါရှင်တန်တို့သည် နောက်ထပ် ဆွေးနွေးပွဲ တစ်ခု ပြုလုပ်ရန်အသင့်ဖြစ်နေသော်လည်း ပိတ်ဆို့ခံထားရသော ဟော်မုဇ် ရေလက်ကြားအခြေအနေအပါအဝင် အခက်ခဲဆုံးသော ဖိအားပေး အချက်အလက်များသည် မပြေလည်ဘဲ ဆက်လက်ရှိနေဆဲဖြစ်သည်။

ကမ္ဘာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ထောက်ပံ့မှု၏ ငါးပုံတစ်ပုံခန့် ဖြတ်သန်းရာ အရေးပါသော အဆိုပါရေကြောင်းလမ်းတွင် သင်္ဘောသားထောင်ပေါင်း များစွာမှာ ပိတ်မိနေဆဲဖြစ်သည်။ Rystad Energy အကြံပေးအဖွဲ့၏ အဆိုအရ ဖေဖော်ဝါရီလနှောင်းပိုင်းမှစ၍ ထိုလမ်းကြောင်းမှ ရေနံစီးဆင်းမှု မှာ အလွန်နည်းပါးသွားခဲ့ပြီး အများစုမှာ အီရန်၏ရေနံစည်များသာ ဖြစ်သည်ဟု ဆိုသည်။

အပြည်ပြည်ဆိုင်ရာ ရေကြောင်းလမ်းဖြစ်သော ထိုရေလက်ကြားကို အီရန် အာဏာပိုင်များက စစ်ပွဲစတင်ကတည်းက ထိရောက်စွာ ပိတ်ဆို့ထား ခဲ့ပြီး ကမ္ဘာတစ်ဝန်း စွမ်းအင်စရိတ်များကိုမြင့်တက်စေခဲ့သည်။ ယခုအခါ အီရန်သည် ထိုရေလက်ကြားအပေါ် အတိုင်းအတာတစ်ခုအထိ ဆက်လက် ထိန်းချုပ်ထားရန် သန္နိဋ္ဌာန်ချထားသည်။

လေ့လာဆန်းစစ်သူ အများအပြားက ထိုရေကြောင်းလမ်းကိုဖြတ်သန်းသည့် သင်္ဘောများအတွက် အမြဲတမ်း ‘ရေလမ်းကြောင်းအသုံးပြုခ ကောက်ခံသည့်စနစ်’ (Tolling System) တစ်ခု ဖြစ်ပေါ်လာနိုင်သည်ဟု ခန့်မှန်းနေကြသည်။ သို့သော် အဆိုပါရလဒ်သည် အီရန်ကို ကမ္ဘာ့စီးပွားရေးအပေါ်ဩဇာလွှမ်းမိုးမှု အကြီးအကျယ်ပေးလိုက်သကဲ့သို့ ဖြစ်နိုင်သောကြောင့် အမေရိကန်က သဘောတူညီမည့်အခြေအနေမှာ မရေ ရာသေးပေ။

လတ်တလောတွင် ရေလက်ကြားကိုဖြတ်သန်းသည့် သင်္ဘောအရေအတွက်မှာ အကန့်အသတ်ဖြင့်သာရှိနေပြီး စစ်ပွဲမတိုင်မီက တစ်ရက်လျှင် အစီး ရေ ၁၀၀ ကျော် ရှိခဲ့ရာမှ သိသိသာသာ လျော့နည်းသွားခဲ့သည်။ S&P Global Market Intelligence ၏ တနင်္လာနေ့ (ဧပြီ ၂၀) အစီရင်ခံစာအရ ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့မှ ဧပြီ ၁၉ ရက်နေ့အတွင်း သင်္ဘော ၃၆ စီးသာ သွားလာနိုင်ခဲ့ပြီး ဧပြီ ၁၈ ရက်နေ့တွင် သွားလာမှုအများဆုံး ဖြစ်ခဲ့သော်လည်း ထိုသင်္ဘောများထဲတွင် ခရီးသည်တင်သင်္ဘော ၄ စီး ပါဝင်သည်ဟု ဆိုသည်။

အမေရိကန်က ပိတ်ဆို့မှုများစတင်ချမှတ်ခဲ့သည့် ဧပြီလ ၁၃ ရက်နေ့မှစ၍ အီရန်သင်္ဘော အနည်းဆုံး ၂၇ စီးသည် ထိုလမ်းကြောင်းကိုဖြတ်သန်းခဲ့ကြောင်း သင်္ဘောသွားလာမှုဆိုင်ရာ အချက်အလက်အဖွဲ့ Kpler က CNN သို့ အတည်ပြုပြောကြားခဲ့သည်။ ထိုအချိန်အတွင်း၌ပင် အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) ကလည်း သင်္ဘောအမြောက်အမြားကို လမ်းကြောင်းပြောင်းရန် ညွှန်ကြားခဲ့သည်။

ရေလက်ကြားအတွင်း သင်္ဘောသွားလာမှုမှာ ‘ပြင်းထန်စွာ ကန့်သတ်ခံထားရဆဲဖြစ်သည်’ ဟု အချက်အလက်ပေးပို့သူတစ်ဦးက ဆိုသည်။

"ဒီအနှောင့်အယှက်တွေဟာ အနည်းဆုံး မေလကုန်အထိ ဆက်ရှိနေနိုင်ပြီး စွမ်းအင်ဈေးကွက်ကို မတည်မငြိမ်ဖြစ်စေကာ ဈေးနှုန်းတွေကို မြင့်တက် နေစေလိမ့်မယ်" ဟု ကုန်စည်ဈေးနှုန်းနှင့် ထောက်ပံ့မှုကို စောင့်ကြည့်သည့် CRU Group က ဧပြီ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

"ဟော်မုဇ်ရေလက်ကြားက သွားလာမှုတွေကို ပြန်လည်စတင်ဖို့ သဘောတူညီချက်မရရှိဘူးဆိုရင် ကမ္ဘာ့စီးပွားရေးအပေါ် ကြီးမားတဲ့ သက်ရောက်မှု တွေ ရှိလာပါလိမ့်မယ်" ဟု ထိုအဖွဲ့က ဆက်လက်ပြောကြားခဲ့သည်။

ကိုးကား- CNN

Photo: The Hindu

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး