အီရန် နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်-အစ္စရေးတို့နှင့် စစ်ပွဲအပေါ် အိုမန်၏ အမြော်အမြင်ရှိသော ရပ်တည်ချက်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြား
အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က အိုမန်နိုင်ငံ၏ သံတမန်ရေးရာကြိုးပမ်းမှုများအတွက် ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပြီး ဒေသတွင်း၌ အမေရိကန်စစ်တပ် ရှိနေခြင်းက မလုံခြုံမှုနှင့် သဘောထားကွဲလွဲမှုများကို ဖြစ်ပေါ်စေသည်ဟု သတိပေးခဲ့သည်။ တီဟီရန်နှင့် ဝါရှင်တန်တို့အကြား ဆွေးနွေးမှုများရပ်တန့်နေသော်လည်း ၎င်းသည် တနင်္ဂနွေနေ့ (ဧပြီ ၂၆) တွင် ၎င်း၏ သံတမန်ရေးရာခရီးစဉ်ကို ဆက်လက် လုပ်ဆောင်ခဲ့သည်။
အိုမန်ဆူလ်တန် Haitham bin Tariq al-Said နှင့် တွေ့ဆုံခဲ့သည့် Araghchi က အတင်းအကျပ်ဖန်တီးထားသော အမေရိကန်-အစ္စရေးတို့နှင့် စစ်ပွဲ အပေါ် အိုမန်နိုင်ငံ၏ အမြော်အမြင်ရှိသောရပ်တည်ချက်အတွက် ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့သည်ဟု အီရန်အခြေစိုက် Tasnim သတင်း အေဂျင်စီ က ဖော်ပြခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးက အိုမန်နိုင်ငံအပါအဝင် ပါရှန် ပင်လယ်ကွေ့ တောင်ပိုင်းရှိ အခြားနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ထိန်းသိမ်းရန် တီဟီရန်၏ ကတိကဝတ်ကို ထပ်လောင်း ပြောကြားခဲ့သည်။ "ဒေသတွင်းနိုင်ငံတွေမှာ အမေရိကန်စစ်တပ် ရှိနေခြင်းဟာ မလုံခြုံမှုနဲ့ သဘောထားကွဲလွဲမှုတွေကိုသာ ဖြစ်စေပါတယ်" ဟု Araghchi က ဖြည့်စွက်ပြောကြားခဲ့သည်။
အိုမန်ဆူလ်တန်ကလည်း တည်ငြိမ်မှုနှင့်လုံခြုံရေးကို တောင်းဆိုခဲ့ကြောင်း အီရန်နိုင်ငံပိုင် Fars သတင်းအေဂျင်စီ က ဖော်ပြခဲ့သည်။ ဆူလ်တန်က "ဒီစစ်ပွဲကို အမြန်ဆုံးနဲ့ အပြီးသတ်ရပ်တန့်သွားဖို့ မျှော်လင့်ပါတယ်၊ ဒေသတွင်းမှာ တည်ငြိမ်မှုနဲ့ လုံခြုံရေးတွေ ပြန်လည် ရှိလာတာကို ကျွန်ုပ်တို့ မြင်တွေ့ရမှာပါ" ဟု ပြောကြားခဲ့သည်။
Araghchi သည် တနင်္ဂနွေနေ့ (ဧပြီ ၂၆) တွင် အိုမန်မြို့တော်သို့ ရောက်ရှိခဲ့ပြီးနောက် ပါကစ္စတန်နှင့် ရုရှားနိုင်ငံများသို့ ဆက်လက်ထွက်ခွာရန် ရှိနေသည်။ အစ္စလာမ္မာဘတ်မြို့၌ အမေရိကန်နှင့် အီရန်တာဝန်ရှိသူများအကြား ဒုတိယအကြိမ်မြောက် ဆွေးနွေးပွဲဖြစ်မြောက်စေရန် ကြားဝင် စေ့စပ်ပေးသူများ၏ ကြိုးပမ်းမှုမှာ ယခုသီတင်းပတ်အစောပိုင်းတွင် ပျက်ပြယ်သွားခဲ့သည်။ အီရန် ဘက်မှ အမေရိကန်ကိုယ်စားလှယ်များနှင့် တိုက်ရိုက်တွေ့ဆုံရန် ငြင်းဆိုခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်ကို ဖျက်သိမ်းခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
