အီရန်နှင့်စစ်ပွဲ ပြီးဆုံးပြီဟု အိမ်ဖြူတော်ကြေညာခြင်းအပေါ် လွှတ်တော်နှင့် အငြင်းပွားမှုများ ဖြစ်ပေါ်နေ
အမေရိကန်သမ္မတ ထရမ့်အစိုးရအဖွဲ့သည် အီရန်နှင့်ဖြစ်ပွားနေသောစစ်ပွဲမှာ လက်ရှိအပစ်အခတ်ရပ်စဲရေးကာလအတွင်း ပြီးဆုံးသွားပြီ ဖြစ်ကြောင်း ကြေညာလိုက်ပြီး အဆိုပါလုပ်ရပ်မှာ စစ်ပွဲဆက်လက်ဆင်နွှဲရန်အတွက် လွှတ်တော်၏ ခွင့်ပြုချက်ရယူရမည့်ဥပဒေကို ရှောင်ကွင်းရန် ကြိုးပမ်းမှုဖြစ်သည်ဟု ဝေဖန်မှုများ ထွက်ပေါ်နေသည်။
၁၉၇၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် စစ်အာဏာကျင့်သုံးမှုဆိုင်ရာဥပဒေ (War Powers Act) အရ သမ္မတသည် လွှတ်တော်၏ ခွင့်ပြုချက်မရရှိဘဲ စစ်ရေးဆောင်ရွက်မှုများကို ရက်ပေါင်း ၆၀ ထက်ပို၍ လုပ်ဆောင်ခွင့်မရှိပေ။ ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ခဲ့သော အီရန်-အမေရိကန် ပဋိပက္ခ သည် ယနေ့ မေလ ၁ ရက်နေ့တွင် ရက်ပေါင်း ၆၀ ပြည့်မြောက်ပြီဖြစ်ရာ ပါတီနှစ်ရပ်လုံးမှ လွှတ်တော်အမတ်များက စစ်ပွဲဆက်လက်ဆင်နွှဲခြင်း ရှိ၊ မရှိကို မဲခွဲဆုံးဖြတ်ရန် အစိုးရအဖွဲ့အား ဖိအားပေး တောင်းဆိုနေကြသည်။
သို့သော်လည်း အစိုးရအဖွဲ့၏ အဆင့်မြင့်အရာရှိတစ်ဦးက ဧပြီလ ၇ ရက်နေ့ကတည်းက နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများမရှိတော့သဖြင့် တိုက်ခိုက်မှု များမှာ ဥပဒေအရ ပြီးဆုံးသွားပြီဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။ စစ်မက်ရေးရာ ဝန်ကြီး ပိဟက်ဆက်ကလည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရှိနေပါက ဥပဒေအရသတ်မှတ်ထားသည့် ရက်ပေါင်း ၆၀ သတ်မှတ်ချက် မှာ ရပ်တန့်သွားမည်ဖြစ်ကြောင်း လွှတ်တော်ကြားနာပွဲတွင် ပြောကြားခဲ့သည်။
လက်ရှိတွင် နှစ်ဖက်အပစ်ရပ်ထားသော်လည်း ကမ္ဘာ့ရေနံကုန်သွယ်ရေးအတွက် အလွန်အရေးပါသည့် ဟော်မုဇ်ရေလက်ကြားတွင်မူ နှစ်ဖက်စလုံးက သင်္ဘောများဖြတ်သန်းခွင့်ကို ဆက်လက်ပိတ်ဆို့ထားဆဲဖြစ်သည်။ ထို့ကြောင့် စစ်ပွဲအဆုံးသတ်ပြီဟု အစိုးရအဖွဲ့ကဆိုသော်လည်း လက်တွေ့မြေပြင်တွင် တင်းမာမှုများလျော့ကျခြင်းမရှိသေးဘဲ လွှတ်တော်၏ စစ်ဆေးထိန်းကြောင်းမှုကိုရှောင်လွှဲရန် ဗျူဟာမြောက်လုပ်ဆောင်ချက်တစ်ခုသာ ဖြစ်သည်ဟု လေ့လာသူများက သုံးသပ်နေကြသည်။
ကိုးကား- CNN
Photo: MS NOW
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
