အီရန်သင်္ဘောများကို အမေရိကန်တပ်ဖွဲ့များ သိမ်းဆည်းခဲ့ခြင်းသည် ပင်လယ်ဓားပြများနှင့် တူနေကြောင်း သမ္မတ ထရမ့် နောက်ပြောင် ပြောဆို

News Image

  • အီရန်သင်္ဘောများကို အမေရိကန်တပ်ဖွဲ့များ သိမ်းဆည်းခဲ့ခြင်းသည် ပင်လယ်ဓားပြများနှင့် တူနေကြောင်း သမ္မတ ထရမ့် နောက်ပြောင် ပြောဆို

အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့ထားမှုအား ကျော်ဖြတ်ရန်ကြိုးပမ်းသည့် ရေနံတင်သင်္ဘောများနှင့် ကုန်တင်သင်္ဘောများကို သိမ်းဆည်းရမိခြင်းနှင့်ပတ်သက်၍ ကြွားဝါပြောဆိုရာတွင် အမေရိကန်တပ်ဖွဲ့များသည် ပင်လယ်ဓားပြများကဲ့သို့ ပြုမူနေကြကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နောက်ပြောင်ပြောကြားခဲ့သည်။

ယခုသီတင်းပတ်အတွင်း ရေနံစျေးနှုန်းများသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်စည်လျှင် ၁၂၀ ဒေါ်လာအထက်သို့ မြင့်တက်သွားခဲ့ပြီး Reuters/Ipsos လူထုသဘောထားစစ်တမ်းတွင် ထရမ့်၏ ထောက်ခံမှု နှုန်းမှာ ၃၄ ရာခိုင်နှုန်းအထိ စံချိန်တင် ကျဆင်းသွားခဲ့သည်။

သောကြာနေ့ (မေ ၁) က ဖလော်ရီဒါပြည်နယ်ရှိ Forum Club of the Palm Beaches ညစာစားပွဲတွင် ထရမ့်ကပြောကြားရာ၌ ဧပြီလ ၁၉ ရက်နေ့ က ဟော်မုဇ်ရေလက်ကြား အနီးတွင် အီရန်အလံလွှင့်ထူထားသော Touska ကုန်တင်သင်္ဘောကို အမေရိကန်ဖျက်သင်္ဘောတစ်စင်းက ပစ်ခတ်ခဲ့ပြီးနောက် အမေရိကန် မရိန်းတပ်ဖွဲ့ဝင်များက စီးနင်းခဲ့သည့်ဖြစ်စဉ်ကို ပြန်လည်ပြောပြခဲ့သည်။

"ကျွန်တော်တို့ သင်္ဘောကို သိမ်းလိုက်တယ်၊ ကုန်စည်တွေကို သိမ်းတယ်၊ ရေနံတွေကိုသိမ်းလိုက်တယ် ၊ ဒါက အမြတ်အစွန်းတော်တော်များတဲ့ လုပ်ငန်းပဲ၊ ကျွန်တော်တို့ ဒါမျိုးတွေ လုပ်နေလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ? ကျွန်တော်တို့က ပင်လယ်ဓားပြတွေနဲ့ တူနေပြီ ၊ ပင်လယ်ဓားပြတွေလို ဖြစ်နေတာ" ဟု ထရမ့်က ပြောကြားခဲ့ရာ ပရိသတ်များထံမှ ရယ်မောသံများ ထွက်ပေါ်လာခဲ့သည်။

အီရန်အစိုးရကမူ ယင်းသို့သိမ်းဆည်းမှုကို တရားမဝင်ကြောင်း ပြစ်တင်ရှုတ်ချထားပြီး အမေရိကန်၏ ပင်လယ်ဓားပြဆန်မှုနှင့် လူမိုက်ဆန်သော လုပ်ရပ်ကို မကြုံစဖူးသောတုံ့ပြန်မှုဖြင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း အစိုးရသတင်းရင်းမြစ်တစ်ခုက Press TV သို့ ယခုသီတင်းပတ်တွင် ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး