ဂျာမနီ ဆိုရှယ်ဒီမိုကရက်တစ် လူငယ်အဖွဲ့က လက်ထပ်ထိမ်းမြားခြင်းစနစ်ကို ဖျက်သိမ်းရန် အဆိုပြု
ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ရှိ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ (SPD) ၏ လူငယ် အဖွဲ့ခွဲ (Jusos) က လက်ရှိကျင့်သုံးနေသည့် လက်ထပ်ထိမ်းမြားခြင်း စနစ်ကို ဖျက်သိမ်းပြီး "တာဝန်ယူမှုရှိသော လူမှုအသိုက်အဝန်း" အမည်ရှိ အတူတကွနေထိုင်သည့် လက်တွဲဖော်စနစ်ဖြင့် အစားထိုးရန် အဆိုပြု လိုက်ခြင်းကြောင့် နိုင်ငံရေးလောကတွင် ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်နေသည်။
၎င်းတို့၏ ‘အချစ်ထက် လွတ်လပ်မှုနှင့်တန်းတူညီမျှမှုက ပို၍ အရေးကြီးသည်’ ဟူသော ခံယူချက်အရ လက်ထပ်ခြင်းသည် အမျိုးသားများက အမျိုးသမီးများကိုဖိနှိပ်သည့် ပဒေသရာဇ်စနစ်၏ အဓိကယန္တရားဖြစ်ပြီး လူသားတို့၏လွတ်လပ်ခွင့်ကို ကန့်သတ်နေသည်ဟု ဝေဖန်ထားသည်။
ထို့အပြင် လက်ထပ်ထိမ်းမြားခြင်းစနစ်သည် အရင်းရှင်စနစ်နှင့် လူမျိုးရေးခွဲခြားမှုဆိုင်ရာမူဝါဒများကို အားပေးနေသည့်အတွက် လက်ထပ်ခြင်းနှင့် သက်ဆိုင်သော အခွန်သက်သာခွင့်များနှင့် ဥပဒေကြောင်းဆိုင်ရာ အခွင့်အရေးအားလုံးကို ပယ်ဖျက်ကာ နှစ်ဦးသဘောတူစာဖြင့် လျှောက်ထားရုံဖြင့် တည်မြဲပြီး အချိန်မရွေး လွယ်ကူစွာလမ်းခွဲနိုင်သည့် စနစ်သစ်တစ်ခုကို ဖော်ဆောင်ရန် တောင်းဆိုထားခြင်း ဖြစ်သည်။
သို့သော်လည်း ယင်းအဆိုပြုချက်သည် ဂျာမနီအခြေခံဥပဒေ ပုဒ်မ (၆) အရ အကာအကွယ်ပေးထားသည့် မိသားစုတန်ဖိုးများနှင့် ဆန့်ကျင်ဘက်ဖြစ်နေပြီး မီဒီယာများ၏ ခန့်မှန်းချက်အရ အဆိုပါကိစ္စကို ၂၀၂၇ ခုနှစ် မတိုင်မီ ဆွေးနွေးဖြစ်ရန် အလားအလာ နည်းပါးနေသည်။ တစ်ဖက်တွင်လည်း SPD ပါတီ၏ လူထုထောက်ခံမှုနှုန်းသည် ၁၃ ရာခိုင်နှုန်းခန့်အထိ စံချိန်တင်ကျဆင်းနေချိန်တွင် မိသားစုတန်ဖိုးများကို အလေးထားသည့် လက်ယာယိမ်း Alternative for Germany (AfD) ပါတီကမူ ထောက်ခံမှုနှုန်း ၂၈ ရာခိုင်နှုန်းအထိ မြင့်တက်လာကာ လူကြိုက်များမှု အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေသည်။
ထို့ကြောင့် ယခုကဲ့သို့ အစွန်းရောက်သည်ဟု ယူဆရသည့် အဆိုပြုချက်များသည် ဂျာမနီနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းနှင့် လူထုသဘောထား အပေါ် သိသာထင်ရှားသည့် ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း သုံးသပ်ရပါသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
