အီရန် ငြိမ်းချမ်းရေးအဆိုပြုချက်ကို ထရမ့်ပယ်ချမှုကြောင့် စစ်ရေးတင်းမာမှုများ တစ်ကျော့ပြန် မြင့်တက်လာ

News Image

  • အီရန် ငြိမ်းချမ်းရေးအဆိုပြုချက်ကို ထရမ့်ပယ်ချမှုကြောင့် စစ်ရေးတင်းမာမှုများ တစ်ကျော့ပြန် မြင့်တက်လာ

အီရန်နိုင်ငံမှတင်ပြခဲ့သည့် နောက်ဆုံးငြိမ်းချမ်းရေး အဆိုပြုချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပယ်ချလိုက်ပြီးနောက် အီရန်နှင့်အမေရိကန်အကြား စစ်ရေးပဋိပက္ခများ တစ်ကျော့ပြန် ဖြစ်ပွားလာနိုင်ခြေရှိကြောင်း အီရန်စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိများက သတိပေးလိုက်သည်။ အီရန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် မိုဟာမက် ဂျက်ဖာ အာဆာဒီက အမေရိကန်သည် မည်သည့်ကတိကဝတ်ကိုမျှ လိုက်နာလေ့မရှိကြောင်းဝေဖန်ခဲ့ပြီး ရန်သူများထင်မှတ်မထားနိုင်သည့် အံ့အားသင့်ဖွယ်တုံ့ပြန်မှုများကို ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။

အဓိက တင်းမာမှုမှာ ဟော်မုဇ်ရေလက်ကြားအရေးနှင့် ပတ်သက်နေပြီး သမ္မတထရမ့်က ပြီးခဲ့သည့်လ အပစ်အခတ်ရပ်စဲရေး ကြေညာပြီးကတည်းက လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို အမြန်ဆုံး ပြန်လည် ဖော်ဆောင်ပေးရန် တောင်းဆိုနေခြင်းဖြစ်သည်။ သို့သော်လည်း အီရန် ဘက်ကမူ ၎င်းတို့အနေဖြင့် ပါရှန်ပင်လယ်ကွေ့နှင့် ရေလက်ကြားတစ်လျှောက် ကီလိုမီတာ ၂,၀၀၀ နီးပါးကို အပြည့်အဝစိုးမိုးထားဆဲဖြစ်ကြောင်းနှင့် အဆိုပါရေပြင်ကို အီရန်၏ ကြီးကြပ်မှုအောက်တွင်သာ ဆက်လက်ထားရှိမည်ဖြစ်ကြောင်း အလျှော့မပေးဘဲ တုံ့ပြန်ခဲ့သည်။

အမေရိကန်ဘက်က ငြိမ်းချမ်းရေးအဆိုပြုချက်ကို ပယ်ချလိုက်ခြင်းကြောင့် နှစ်ဖက်အကြားရရှိထားသည့် အပစ်အခတ်ရပ်စဲရေးမှာ ပျက်ပြားမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ အထူးသဖြင့် အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ရေလက်ကြားအရေးကို ၎င်းတို့၏ အချုပ်အခြာ အာဏာနှင့် ဒေသတွင်းလုံခြုံရေးအတွက် အရေးပါသည့် အချက်အချာအဖြစ် ဆက်လက်သတ်မှတ်ထားခြင်းကြောင့် ဒေသတွင်းတည်ငြိမ်မှုမှာ ပိုမိုစိုးရိမ်စရာအခြေအနေသို့ ရောက်ရှိလာခဲ့ပါသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး