မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံအသင်း အိမ်ကွင်းပြန်လည်လက်ခံကျင်းပနိုင်ရန် ကြိုးပမ်းနေ
ရန်ကုန် ဧပြီ ၂၇
မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံအသင်းသည် လာမည့် ၂၀၂၆-၂၀၂၇ ရာသီတွင် အိမ်ကွင်းပြန်လည်လက်ခံကျင်းပနိုင်ရန် ကြိုးပမ်းနေပြီး မန္တလေးမြို့ရှိ ကွင်းတစ်ကွင်းကို အသုံးပြုသွားမည်ဖြစ်သည်။
ရတနာပုံအသင်းသည် အသင်းစတင် တည်ထောင်ချိန်ကတည်းက အိမ်ကွင်းလက်ခံ ကျင်းပခဲ့ပြီး မန္တလေးမြို့ရှိ ဗထူးကွင်းကို အသုံးပြုခဲ့သလို နောက်ပိုင်းတွင် မန္တလာသီရိကွင်းကိုပါ တွဲဖက် အသုံးပြုခဲ့သည်။ သို့သော် ၂၀၂၀ ရာသီမှ ပြီးခဲ့သည့် ရာသီအထိ အိမ်ကွင်းလက်ခံကျင်းပနိုင်ခြင်း မရှိတော့ဘဲ လာမည့်ရာသီမှသာ ပြန်လည်ကျင်းပရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ ရတနာပုံအသင်းသည် အိမ်ကွင်းအဖြစ် ဗထူးကွင်းနှင့် အောင်မြေမန္တလာကွင်း၊ လေ့ကျင့်ရေးကွင်းအဖြစ် ရွှေမန်းတောင်ကွင်းတို့ကို လျာထားခြင်းဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းသိန်း နှင့်အဖွဲ့သည် ဧပြီ ၂၇ ရက် နံနက်ပိုင်းက ယင်းကွင်းများအား သွားရောက်စစ်ဆေးခဲ့ပြီး လာမည့် ရာသီအတွက် ပွဲစဉ်မထွက်မီ အတည်ပြုနိုင်မည်ဖြစ်သည်။
၂၀၂၅-၂၀၂၆ ရာသီ MNL ပြိုင်ပွဲ ယှဉ်ပြိုင်နေသည့် ကလပ်အသင်းများအနက် ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့သာ အိမ်ကွင်း လက်ခံကျင်းပနိုင်ခဲ့ပြီး ကျန်အသင်းများမှာ ရန်ကုန်မြို့ရှိ ကွင်းများကို အလှည့်ကျသုံးစွဲခဲ့ခြင်းဖြစ်သည်။ လာမည့်ရာသီတွင်မူ ကလပ်အသင်းအချို့ အိမ်ကွင်းပြန်လည်လက်ခံကျင်းပနိုင်ရန် ကြိုးပမ်းလာသဖြင့် အိမ်ကွင်းလက်ခံကျင်းပနိုင်မည့် အသင်းအရေအတွက် တိုးမြင့်လာမည်ဖြစ်သည်။
သတင်း - မောင်စံကြီး
ဓာတ်ပုံ - MNL
MDN
