ဘင်္ဂလားဒေ့ရှ်တွင် မတ်လမှစ၍ ဝက်သက်ရောဂါကြောင့် ကလေးငယ် ၂၂၀ ကျော် သေဆုံး
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မတ်လမှစတင်၍ ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး ဝက်သက်ရောဂါကူးစက်မှုများ ဖြစ်ပွားနေပြီး ကလေးငယ် ၂၂၇ ဦး သေဆုံးခဲ့ကြောင်း အစိုးရ၏ ဧပြီလ ၂၉ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် ရောဂါကူးစက်ခံရသည်ဟု သံသယရှိသူပေါင်း ၃၅၀၀၀ နီးပါးရှိလာကြောင်းလည်း သိရသည်။
ရောဂါအပြင်းထန်ဆုံးဖြစ်ပွားနေသည့်ဒေသများအနက် တစ်ခုမှာ စစ်တကောင်းတောင်တန်းဒေသရှိ ကူရွတ်ပါတာဖြစ်သည်။ အဆိုပါကျေးလက်ဒေသရှိ ကလေးငယ်များသည် ကာကွယ်ဆေးထိုးနှံမှုလွှမ်းခြုံမှုအောက်တွင် ပါဝင်သော်လည်း မကြာခဏ ချန်လှပ်ခံရခြင်းများရှိပြီး မိသားစုအချို့သည် ကြောက်ရွံ့မှုကြောင့် ကာကွယ်ဆေးထိုးနှံခြင်းကို ရှောင်ရှားနေကြကြောင်း သိရသည်။
ကူရွတ်ပါတာသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အစွန်အဖျားဒေသတစ်ခုဖြစ်ပြီး အဆိုပါဒေသတွင် ကလေးငယ် ၈၀ ကျော်ကို ဝက်သက်ရောဂါအတွက် ကုသပေးခဲ့ရကြောင်း ခရိုင်ကျန်းမာရေးမှူး ရှိတ်ဖာဇယ်ရက်ဘီက ပြောကြားခဲ့သည်။
ဒေသခံအများစုသည် သွားလာရေးနှင့် ဆက်သွယ်ရေးခက်ခဲသော နေရာများတွင် နေထိုင်နေကြရသဖြင့် အစိုးရအနေဖြင့် အသိပညာပေးအစီအစဉ်များကို အားဖြည့်လုပ်ဆောင်ရန်နှင့် တိုင်းရင်းသားလူမျိုးစုများအား ကာကွယ်ဆေးထိုးလွှမ်းခြုံမှုအောက်သို့ ပါဝင်လာစေရန် ဆောင်ရွက်သင့်ကြောင်း ဒေသအကြီးအကဲက တိုက်တွန်းထားသည်။
Ref: ST
MWD
