ရေနံစျေးနှုန်းများ ဆက်တိုက်မြင့်တက်နေပြီး Wall Street စတော့စျေးကွက် အဖွင့်တွင် သတိကြီးစွာ စောင့်ကြည့်နေကြ

News Image

  • ရေနံစျေးနှုန်းများ ဆက်တိုက်မြင့်တက်နေပြီး Wall Street စတော့စျေးကွက် အဖွင့်တွင် သတိကြီးစွာ စောင့်ကြည့်နေကြ

အမေရိကန်နှင့် အီရန်တို့အကြား သံတမန်ရေးရာ အကျပ်အတည်းများကြောင့် ဟော်မုဇ်ရေလက်ကြား ရေရှည်ပိတ်ဆို့သွားနိုင်သည်ဟူသော ခန့်မှန်းချက်များနှင့်အတူ ကမ္ဘာ့ရေနံစျေးနှုန်းမှာ ဧပြီ ၂၉ ရက်နေ့တွင် တစ်လအတွင်း အမြင့်ဆုံးအဆင့်သို့ ထပ်မံမြင့်တက်လာခဲ့သည်။

ကမ္ဘာ့ရေနံစျေးနှုန်းသတ်မှတ်ချက်ဖြစ်သော Brent ရေနံစျေးမှာ ၃.၄ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်စည်လျှင် ၁၁၄.၇ ဒေါ်လာ သို့ ရောက်ရှိကာ တစ်ပတ်ကြာ စျေးနှုန်းမြင့်တက်မှုကို ဆက်လက်ထိန်းထားသည်။ အမေရိကန် ရေနံစျေးနှုန်း WTI မှာလည်း ၃.၅ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်စည်လျှင် ၁၀၃.၄ ဒေါ်လာ သို့ ရောက်ရှိခဲ့သည်။

"စီးပွားရေးတုံ့ဆိုင်းပြီး ကုန်စျေးနှုန်းကြီးမြင့်မှု (Stagflation) ဒဏ်ကို ရေရှည်ခံစားရမှာ စိုးရိမ်မှုတွေမြင့်တက်နေတယ်" ဟု Deutsche Bank မှ လေ့လာဆန်းစစ်သူများက ပြောကြားခဲ့ပြီး ယခုနှစ်နှောင်းပိုင်းတွင် ပေးသွင်းရမည့် Brent ရေနံကြိုတင်ရောင်းဝယ်မှု စာချုပ်စျေးနှုန်းများသည် ပြီးခဲ့သည့် မတ်လကုန်ပိုင်းက ရောက်ရှိခဲ့သော အမြင့်ဆုံးစျေးနှုန်းများအနီးတွင်ရှိနေကြောင်း မှတ်ချက်ပြုခဲ့ကြသည်။ Stagflation ဆိုသည်မှာ စီးပွားရေး ဖွံ့ဖြိုးမှုနှေးကွေးပြီး ငွေကြေးဖောင်းပွမှုနှုန်း အလွန်မြင့်မားနေသည့် ကာလကို ဆိုလိုခြင်းဖြစ်သည်။

စစ်ပွဲရပ်တန့်ရန် တီဟီရန်၏ နောက်ဆုံးတင်ပြချက်အပေါ် မိမိအနေဖြင့် ကျေနပ်မှုမရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အရိပ်အမြွက် ပြောကြားခဲ့ပြီး အီရန်နိုင်ငံကို ရေရှည်ပိတ်ဆို့ထားနိုင်ရေးအတွက် ပြင်ဆင်ထားကြရန် လက်ထောက်များကို ညွှန်ကြားထားကြောင်း Wall Street Journal က အင်္ဂါနေ့ (ဧပြီ ၂၈) ညပိုင်းတွင် ဖော်ပြခဲ့သည်။

အမေရိကန် စတော့စျေးကွက်ကြိုတင်အခြေအနေများ (Stock futures) မှာမူ ရောထွေးနေပြီး နည်းပညာကုမ္ပဏီကြီးများ၏ အမြတ်အစွန်းအစီရင်ခံ စာများ ထွက်ပေါ်လာရန်ရှိခြင်းနှင့် ဂျရုမ်းပါဝဲလ်၏ ဥက္ကဋ္ဌအဖြစ် နောက်ဆုံးအကြိမ်ဖြစ်လာနိုင်ဖွယ်ရှိသော ဗဟိုဘဏ် (Fed) အစည်းအဝေးမတိုင်မီ Wall Street စျေးကွက်တွင် သတိကြီးစွာဖြင့် စတင်ရန် ပြင်ဆင်နေကြသည်။

Amazon ၊ Alphabet ၊ Meta နှင့် Microsoft ကုမ္ပဏီများအားလုံးသည် စျေးကွက်ပိတ်ချိန်နောက်ပိုင်းတွင် ၎င်းတို့၏ ဘဏ္ဍာရေးရလဒ်များကို အစီရင်ခံတင်ပြကြမည်ဖြစ်သည်။

အီရန်စစ်ပွဲကြောင့် ကုန်စျေးနှုန်းများအပေါ် မည်မျှအထိ သက်ရောက်မှုရှိမည်ကို ရှင်းလင်းစွာ မသိရသေးမီအထိ ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်း ကို ပြောင်းလဲမည်မဟုတ်ဟု ရင်းနှီးမြှုပ်နှံသူများက ခန့်မှန်းထားကြသည်။ ရေနံစျေးနှုန်းမြင့်တက်လာခြင်းကြောင့် ဥရောပစတော့ စျေးကွက်များ အပေါ် ဖိအားသက်ရောက်ခဲ့ပြီး ဧပြီ ၂၉ ရက် နေ့လယ်ပိုင်း အရောင်းအဝယ်များတွင် စျေးကွက်အများစု ကျဆင်းခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး