အီရန်ငွေကြေးတန်ဖိုး စံချိန်တင်ကျဆင်းမှုနှင့်အတူ စီးပွားရေးအကျပ်အတည်း ပိုမိုနက်ရှိုင်းလာ
အီရန်နိုင်ငံ၏ အမျိုးသားငွေကြေးတန်ဖိုးသည် အမေရိကန်ဒေါ်လာနှင့် လဲလှယ်ရာတွင် တစ်ဒေါ်လာလျှင် ရီယယ် (Rials) ၁.၈ သန်းအထိ စံချိန်တင် အနိမ့်ဆုံးသို့ကျဆင်းသွားကြောင်း အီရန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ ပြီးခဲ့သည့် နှစ်ရက်အတွင်း၌ပင် ဒေါ်လာစျေးသည် ၂၃,၀၀၀ တိုမန် (Tomans) ထက်မနည်း မြင့်တက်လာခဲ့ရာ ယင်းသည် နိုင်ငံအတွင်းအသုံးများသည့် ငွေကြေးယူနစ်အရ သိသာထင်ရှားသော တန်ဖိုးကျဆင်းမှု ဖြစ်သည်။
(အီရန်နိုင်ငံတွင် ငွေကြေးဖောင်းပွမှု အလွန်မြင့်မားသည့်အတွက် Rial ဖြင့် ရေတွက်ပါက သုညများလွန်းသဖြင့် ရှုပ်ထွေးစေပါသည်။ ထို့ကြောင့် စျေးဆိုင်များ၊ စျေးနှုန်းဖော်ပြချက်များနှင့် နေ့စဉ်စကားပြောများတွင် သုညတစ်လုံးလျှော့ထားသည့် Toman ကိုသာ အစဉ်အလာအရ ပိုမိုအသုံးပြုကြခြင်း ဖြစ်ပါသည်။)
ထိုကဲ့သို့ ငွေကြေးဖောင်းပွမှု အရှိန်အဟုန်ပြင်းလာရခြင်းမှာ အမေရိကန်နှင့် အစ္စရေးတို့အကြား ရရှိထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များအပေါ် ယုံကြည်မှုအားနည်းခြင်းနှင့် အမေရိကန်က အီရန် ဆိပ်ကမ်းများကို ရေကြောင်းပိတ်ဆို့ကာ ရေနံတင်ပို့မှုကို တင်းကျပ်ထားခြင်းတို့ကြောင့် ဖြစ်သည်။
အီရန်နိုင်ငံ၏ စီးပွားရေးသည် လက်ရှိပဋိပက္ခများမတိုင်မီကပင် စီးပွားရေးပိတ်ဆို့မှုများ၊ အကျင့်ပျက်ခြစားမှုနှင့် ငွေကြေးဖောင်းပွမှုဒဏ်တို့ကြောင့် ယိုင်နဲ့နေခဲ့ပြီးဖြစ်သည်။ တစ်ဦးချင်း အမျိုးသားဝင်ငွေမှာလည်း ၂၀၁၂ ခုနှစ်တွင် ဒေါ်လာ ၈,၀၀၀ ရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်၌ ဒေါ်လာ ၅,၀၀၀ သို့ သိသိသာသာ လျော့ကျသွားခဲ့သည်။
ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ကလည်း ယခုဖြစ်ပွားနေသော ပဋိပက္ခများကြောင့် အီရန်ပြည်သူ ၄.၁ သန်းခန့်မှာ ဆင်းရဲမွဲတေမှုတွင်းသို့ ထပ်မံသက်ဆင်းသွားနိုင်ကြောင်းသတိပေးထားရာ အီရန်နိုင်ငံ၏ ရှေ့အလားအလာမှာ ပိုမိုစိုးရိမ်ဖွယ်ရာအခြေအနေသို့ ဆိုက်ရောက်နေပါသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
