အမေရိကန်၏ အီရန်စစ်ပွဲအသုံးစရိတ်သည် လူသန်းပေါင်းများစွာကို ကယ်တင်နိုင်သည့် ပမာဏဖြစ်ကြောင်း ကုလသမဂ္ဂ ထောက်ပြ
အမေရိကန်အနေဖြင့် အီရန်စစ်ပွဲအတွင်းအသုံးပြုနေသည့် စစ်အသုံးစရိတ်များသည် ကမ္ဘာတစ်ဝှမ်းရှိ လူသန်းပေါင်း ၈၇ သန်း၏ အသက်ရှင်သန်ရေးအတွက် ကူညီထောက်ပံ့ပေးနိုင်သည့်ပမာဏထက်ပင် ကျော်လွန်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ၏ အကြီးအကဲ တွမ် ဖလက်ချာ (Tom Fletcher) က ဝေဖန် ထောက်ပြလိုက်သည်။
ပင်တဂွန်စစ်ဌာနချုပ်၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့်ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် စတင်ခဲ့သော အဆိုပါစစ်ပွဲအတွက် အမေရိကန်စစ်တပ် သည် ဒေါ်လာ ၂၅ ဘီလီယံခန့် သုံးစွဲခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ သို့သော်လည်း စစ်ဘက်နှင့်နီးစပ်သည့် သတင်းရင်းမြစ်အချို့ကမူ ယင်း ကိန်းဂဏန်းသည် အမှန်တကယ်ကုန်ကျစရိတ်ထက် လျှော့တွက်ထားခြင်းသာဖြစ်ကြောင်း CNN သတင်းဌာနသို့ ပြောကြားထားသည်။
အဆိုပါ စစ်အသုံးစရိတ်နှင့်ပတ်သက်၍ ကုလသမဂ္ဂအရာရှိ တွမ် ဖလက်ချာ က နှိုင်းယှဉ်ပြရာတွင် ကုလသမဂ္ဂအနေဖြင့် ၂၀၂၆ ခုနှစ်အတွင်း ကမ္ဘာ တစ်ဝှမ်းရှိ လူပေါင်း ၈၇ သန်းကို ကူညီကယ်တင်ရန်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတောင်းခံထားသည့် ပမာဏမှာ ဒေါ်လာ ၂၃ ဘီလီယံသာ ရှိကြောင်း ဆိုသည်။ ၎င်းက “ကျွန်တော်တို့မှာ ဒီနှစ်အတွင်း လူပေါင်း ၈၇ သန်းရဲ့ အသက်ကိုကယ်တင်ဖို့ အစီအစဉ်ရှိပါတယ်၊ အဲဒီ အတွက် ကုန်ကျစရိတ်က ၂၃ ဘီလီယံပဲ ရှိတာကြောင့် စစ်စရိတ်နဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။
အကယ်၍ အဆိုပါ ငွေကြေးပမာဏကိုသာရရှိခဲ့ပါက ယခုနှစ်အတွင်း အတိဒုက္ခရောက်နေသူ သန်းပေါင်းများစွာကို ကူညီကယ်တင်နိုင်မည့် အခွင့်အရေး ပိုမိုရှိလာမည်ဖြစ်ကြောင်းနှင့် စစ်ပွဲအတွက် အသုံးပြုနေသော ငွေကြေးပမာဏမှာ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များထက် များစွာကြီးမားနေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ကိုးကား- CNN
Photo: Daily Sabah
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
