ရုရှားက အောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် နှစ်ရက်ကြာ အပစ်အခတ်ရပ်စဲရေး ကြေညာ

News Image

  • ရုရှားက အောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် နှစ်ရက်ကြာ အပစ်အခတ် ရပ်စဲရေး ကြေညာ

ရုရှားကာကွယ်ရေးဝန်ကြီးဌာနသည် ဥရောပတွင် ဒုတိယ ကမ္ဘာစစ်ပြီးဆုံးခြင်း အထိမ်းအမှတ် “အောင်ပွဲနေ့” (Victory Day) အတွက် မေလ ၈ ရက်မှ ၉ ရက်အထိ နှစ်ရက်ကြာ အပစ်အခတ်ရပ်စဲမည်ဖြစ်ကြောင်း ကြေညာလိုက်ပြီး ယူကရိန်းဘက်ကလည်း ထိုအတိုင်း လိုက်နာရန် တောင်းဆို ထားသည်။ 

သို့သော် အဆိုပါအခမ်းအနားများအတွင်း မော်စကိုမြို့အား တိုက်ခိုက်ခြင်းအပါအဝင် အနှောင့်အယှက်တစ်စုံတစ်ရာ ရှိလာပါက ယူကရိန်းမြို့တော် ကိယက်ဗ်ရှိ အချက်အချာကျသော နေရာများကို အကြီးစား လက်တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု ပြင်းထန်စွာ သတိပေးထားသည်။ ထို့ပြင် ကိယက်ဗ်မြို့ရှိ အရပ်သားများနှင့် နိုင်ငံခြားသံတမန်များအနေဖြင့် ဘေးကင်းရာသို့ အချိန်မီတိမ်းရှောင်ကြရန်လည်း ရုရှား ဘက်က တိုက်တွန်း ထားသည်။

ရုရှား၏ ယခုသတိပေးချက်သည် ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီး၏ “ရုရှားတို့သည် ရင်ပြင်နီ (Red Square) ပေါ်တွင် ယူကရိန်း ဒရုန်းများ ပျံသန်းလာမည်ကို စိုးရိမ်နေကြသည်” ဟူသော ပြောကြားချက်အပေါ် တုံ့ပြန်ခြင်းဖြစ်သည်။ သမ္မတ ဇီလန်စကီးကမူ ရုရှား၏ အပစ်အခတ်ရပ်စဲရေးကြေညာချက်သည် ၎င်းတို့ထံ တရားဝင်အကြောင်းကြားခြင်းမရှိဘဲ အမေရိကန်နှင့်သာ ညှိနှိုင်းခဲ့ခြင်းဖြစ်၍ တရားမဝင်ကြောင်း ဝေဖန်ခဲ့သည်။ သို့သော် ယူကရိန်းအနေဖြင့် မေလ ၅ ရက်မှ ၆ ရက်သို့ ကူးပြောင်းသည့် သန်းခေါင်ယံအချိန်မှစ၍ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲမည်ဖြစ်ပြီး ရုရှား၏ လှုပ်ရှားမှုအပေါ်မူတည်ကာ အပြန်အလှန် တုံ့ပြန်ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ရုရှားသည် ယခင်နှစ်များကလည်း အခါကြီးရက်ကြီးများတွင် အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့ဖူးပြီး ၂၀၂၃ နှင့် ၂၀၂၅ ခုနှစ် အီစတာ ပွဲတော်များတွင်လည်း အလားတူ လုပ်ဆောင်ခဲ့သည်။ သို့သော် ပြီးခဲ့သည့်လက ကြေညာခဲ့သော အီစတာ အပစ်ရပ်မှုကို ယူကရိန်းစစ်တပ်က ၃၂ နာရီအတွင်း အကြိမ်ရေ ၆,၅၀၀ ကျော် ချိုးဖောက်ခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ လက်ရှိတွင် ရုရှားဘက်က အထိမ်းအမှတ်အခမ်းအနားများဘေးကင်းစေရန် လုံခြုံရေးအစီအမံများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး