ထရမ့်၏ တရုတ်နိုင်ငံခရီးစဉ်သည် အီရန်အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်များအပေါ် ရှုပ်ထွေးမှုများ ရှိလာနိုင်

News Image

  • ထရမ့်၏ တရုတ်နိုင်ငံခရီးစဉ်သည် အီရန်အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်များအပေါ် ရှုပ်ထွေးမှုများ ရှိလာနိုင်

လာမည့် သီတင်းပတ်တွင်ပြုလုပ်မည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ လူအများ မျှော်လင့်စောင့်စားနေကြသော ပေကျင်းခရီးစဉ်သည် အီရန် နှင့်စစ်ပွဲပြန်လည်စတင်ရန် ဆုံးဖြတ်ချက်အပေါ် ရှုပ်ထွေးမှုများ ဖြစ်ပေါ် လာစေနိုင်သည်။

ထရမ့်သည် အစောပိုင်းက စစ်ပွဲများပြင်းထန်နေချိန်ဖြစ်သော ဧပြီလတွင် သွားရောက်ရမည့် အဆိုပါခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။ တရုတ် နိုင်ငံကမူ ၎င်းတို့မှီခိုနေရသော စွမ်းအင်ထုတ်ကုန်အများစုဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန် တောင်းဆိုထားသည်။

အီရန်ပဋိပက္ခသည် အဖြေမထွက်သေးသည့် အခြေအနေ (သို့မဟုတ်) အဆိုးဆုံးအနေဖြင့် စစ်ပွဲပြန်လည် ပြင်းထန်နေချိန်တွင် ပေကျင်းသို့ ရောက်ရှိသွားခြင်းက တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့်ဆွေးနွေးရာတွင် ထရမ့်ကိုအားနည်းသည့် အနေအထားသို့ ရောက်ရှိသွားစေနိုင်သည်။

တနင်္လာနေ့ (မေ ၄) က Fox News နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ပြောကြားရာ၌ တရုတ်နိုင်ငံအနေဖြင့် အီရန်ကို ဖျောင်းဖျပြီး ရေလက်ကြားမှ သင်္ဘောများဖြတ်သန်းခွင့်ပြုရန် ယခုထက် ပိုမိုလုပ်ဆောင်နိုင်သည်ဟု ဆိုသည်။ Bessent သည် ထရမ့် မသွား ရောက်မီ တရုတ်နှင့် ပဏာမဆွေးနွေးမှုများကို ဦးဆောင်နေသူ ဖြစ်သည်။

"တရုတ်နိုင်ငံအနေနဲ့ သံတမန်ရေးရာအရ ဘယ်လောက်အထိ တက်တက်ကြွကြွပါဝင်လာမလဲ၊ အီရန်ကို ရေလက်ကြားပြန်ဖွင့်ပေးဖို့ သူတို့ ဘယ်လို တိုက်တွန်းမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့" ဟု ၎င်းက ပြောကြားခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး