၁၉၉၃ ခုနှစ်နောက်ပိုင်း ချယ်လ်ဆီးအသင်း ပရီးမီးယားလိဂ်တွင် ပထမဆုံးအကြိမ် ခြောက်ပွဲဆက်ရှုံးနိမ့်
လန်ဒန်၊ မေ ၅ — ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ် (၃၅) အဖြစ် ကစားသည့် ချယ်လ်ဆီးအသင်းနှင့် နော်တင်ဟမ်အသင်းတို့၏ ပွဲစဉ်တွင် ချယ်လ်ဆီးအသင်းသည် အိမ်ကွင်း၌ ၃ ဂိုး - ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ၁၉၉၃ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ်အဖြစ် ခြောက်ပွဲဆက်ရှုံးနိမ့်သည့် မှတ်တမ်းဆိုးတစ်ရပ်ကို ရရှိခဲ့ကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် ယခုဘောလုံးရာသီအစပိုင်းတွင် နည်းပြ မာရက်ကာ၏ လက်အောက်၌ ရလဒ်ကောင်းများ ရရှိခဲ့သော်လည်း အသင်းတာဝန်ရှိသူများနှင့် နည်းပြ မာရက်ကာတို့အကြား ဆက်ဆံရေးတင်းမာမှုများကြောင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် နည်းပြ မာရက်ကာက အသင်းနည်းပြရာထူးမှ နုတ်ထွက်ခဲ့သည်။
ထို့နောက် ချယ်လ်ဆီးအသင်းသည် နည်းပြ မာရက်ကာကို ရာထူးမှ ထုတ်ပယ်ပြီး နည်းပြသစ်အဖြစ် ရိုစင်နီယာကို ၂၀၃၂ ခုနှစ်အထိ စာချုပ်ချုပ်ဆိုကာ ခန့်အပ်ခဲ့သော်လည်း ၎င်း၏ လက်အောက်တွင် ရလဒ်များ ဆက်တိုက် ဆိုးရွားလာသဖြင့် နည်းပြ ရိုစင်နီယာကို စာချုပ်ဖျက်သိမ်းကာ ရာထူးမှ ထုတ်ပယ်ခဲ့သည်။
နည်းပြ ရိုစင်နီယာကို ထုတ်ပယ်ပြီးနောက် ယခုဘောလုံးရာသီကုန်အထိ ယာယီနည်းပြအဖြစ် မက်ဖာလန်ကို တာဝန်ပေးအပ်ခဲ့သော်လည်း ယာယီနည်းပြ မက်ဖာလန်၏ လက်အောက်တွင်လည်း အသင်းရလဒ်များ ဆက်လက်ဆိုးရွားနေကာ ရုန်းကန်နေရသည်။
ချယ်လ်ဆီးအသင်းသည် ယခုနှစ် မတ်လ ၅ ရက်နေ့တွင် အက်စ်တွန်ဗီလာအသင်းကို အနိုင်ရရှိပြီးနောက် နယူးကာဆယ်အသင်းကို ၁ ဂိုး - ၀၊ အဲဗာတန်အသင်းကို ၃ ဂိုး - ၀၊ မန်စီးတီးအသင်းကို ၃ ဂိုး - ၀၊ မန်ယူအသင်းကို ၁ ဂိုး - ၀၊ ဘရိုက်တန်အသင်းကို ၃ ဂိုး - ၀ နှင့် နော်တင်ဟမ်အသင်းကို ၃ ဂိုး - ၁ ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး ခြောက်ပွဲဆက်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
နော်တင်ဟမ်အသင်းကို ရှုံးနိမ့်ပြီးနောက် ချယ်လ်ဆီးအသင်းသည် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နောက်ဆုံးနေရာဖြစ်သော အဆင့် (၅) မှ အက်စ်တွန်ဗီလာအသင်းနှင့် ရမှတ် ၁၀ မှတ်ကွာဟနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်နှင့် လွဲချော်ရမည့်အခြေအနေတွင် ရောက်ရှိနေကြောင်း သိရသည်။
Ref: ESPN
MWD
