၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များ လူရည်ချွန်စခန်း အသီးသီးသို့ စတင်ထွက်ခွာ ဒေသန္တရလေ့လာရေး ခရီးစဉ်များ သွားရောက်
နေပြည်တော် မေ ၆
နေပြည်တော် လူရည်ချွန်အပန်းဖြေ စခန်းတွင် ရောက်ရှိနေသည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဒွါဒသမတန်းလူရည်ချွန် ကျောင်းသား၊ ကျောင်းသူ ၉၉ ဦးသည် အုပ်ချုပ်သူ ဆရာ၊ ဆရာမများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်း မြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ ရောက်ရှိပြီး ရုပ်မြင်သံကြားထုတ်လွှင့်မှု လုပ်ငန်းများ၊ အသံလွှင့်လုပ်ငန်းများနှင့် စိန်ရတုပြတိုက်တို့ကို ကြည့်ရှုလေ့လာကြသည်။
မွန်းလွဲပိုင်းတွင် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာန နေပြည်တော် ပုံနှိပ်စက်စက်ရုံနှင့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း သတင်းစာ တိုက်များကို ကြည့်ရှုလေ့လာကြသည်။
အလားတူ ပြင်ဦးလွင်လူရည်ချွန်စခန်း ကိုအခြေပြု၍ ဒေသန္တရဗဟုသုတများ လေ့လာကြမည့် နဝမတန်းလူရည်ချွန် ကျောင်းသား၊ ကျောင်းသူ ၉၆ ဦးနှင့် အုပ်ချုပ်သူ ဆရာ၊ ဆရာမ ၁၈ ဦးသည် နေပြည်တော်စုရပ်စခန်းမှ ပြင်ဦးလွင်သို့ ထွက်ခွာကြပြီး မွန်းလွဲပိုင်းတွင် ပြင်ဦးလွင် မြို့ လူရည်ချွန်အပန်းဖြေစခန်းသို့ရောက်ရှိကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ပန်းစည်းများဖြင့် လည်းကောင်း၊ အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့်လည်းကောင်း သောင်းသောင်းဖြဖြကြိုဆိုကြသည်။
ထို့ပြင် အင်းလေးခေါင်တိုင်လူရည်ချွန် စခန်းတွင် အခြေပြုပြီး ဒေသန္တရဗဟုသုတ များ ရှာဖွေကြမည့် ၂၀၂၆ ခုနှစ် Grade-10 လူရည်ချွန်ကျောင်းသားမောင်မယ် ၁၃၂ ဦး၊ ကြီးကြပ်ဆရာ၊ ဆရာမ ၁၈ ဦးသည် ရှမ်းပြည်နယ် ကလောမြို့သို့ရောက်ရှိရာ ကလောခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ အင်းလေးခေါင်တိုင် လူရည်ချွန် စခန်းမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဘင်ခရာတပ်ဖွဲ့နှင့် ကျောင်းသား၊ ကျောင်း သူများ၊ ဒေသခံတိုင်းရင်းသားများက သောင်းသောင်းဖြဖြကြိုဆိုကြပြီး မွန်းလွဲပိုင်းတွင် ညောင်ရွှေမြို့နယ် ခေါင်တိုင်ကျေးရွာ အင်းလေးခေါင်တိုင်လူရည်ချွန်စခန်းသို့ ရောက်ရှိလာရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ များ၊ ဘင်ခရာတပ်ဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများက တိုင်းရင်းသားရိုးရာ အကအလှများဖြင့်လည်းကောင်း၊ အိုးစည် ဗုံမောင်းများ တီးမှုတ်၍လည်းကောင်း သောင်းသောင်းဖြဖြကြိုဆိုကြသည်။
ထို့အတူ ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်လူရည်ချွန်စခန်းတွင် အခြေပြု ပြီး ဒေသန္တရဗဟုသုတများ ရှာဖွေကြမည့် Grade -11 လူရည်ချွန် မောင်မယ် ၁၃၃ ဦးနှင့် ကြီးကြပ်သူ ၁၈ ဦး၊ ချောင်းသာလူရည်ချွန် စခန်းတွင်အခြေပြုပြီး ဒေသန္တရဗဟုသုတ များရှာဖွေကြမည့် ပထမနှစ်လူရည်ချွန် မောင်မယ် ၁၄၈ ဦးနှင့် ကြီးကြပ်သူ ၁၈ ဦး၊ ဒုတိယနှစ် လူရည်ချွန်မောင်မယ် ၁၄၃ ဦးနှင့် ကြီးကြပ်သူ ၁၈ ဦးတို့အား ညနေပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများက ကြိုဆိုနှုတ်ဆက် ခဲ့ကြကြောင်း သိရသည်။
MWD
