မန်ယူအသင်း ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိပြီးနောက် နည်းပြကာရစ်အား အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရန်ကမ်းလှမ်းထား
မန်ချက်စတာ၊ မေ ၆
မန်ယူအသင်းက လာမည့်ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိပြီးနောက် ယာယီနည်းပြအဖြစ် တာဝန်ပေးထားသည့် နည်းပြကာရစ်အား အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရန် ကမ်းလှမ်းထားကြောင်း သိရသည်။
မန်ယူအသင်းသည် ယခုဘောလုံးရာသီ ပထမရာသီဝက်ကာလတွင် ရလဒ်မတည်ငြိမ်မှုများနှင့် ရုန်းကန်ခဲ့ရပြီးနောက် နည်းပြအမိုရင်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလက စာချုပ်ဖျက်သိမ်းကာ ထုတ်ပယ်ခဲ့ပြီးနောက် ယခုဘောလုံးရာသီကုန်အထိ ယာယီနည်းပြအဖြစ် ကာရစ်အား တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး အစောပိုင်းက နည်းပြကာရစ်ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် အစီအစဉ်မရှိဘဲ ထိပ်တန်းနည်းပြတစ်ဦးကိုသာ ခန့်အပ်ရန် ပြင်ဆင်ထားခြင်းဖြစ်သည်။
သို့သော် နည်းပြကာရစ်သည် ပြီးခဲ့သည့် ဇန်နဝါရီလကစတင်ပြီး အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့ရာ ရလဒ်ကောင်းများ ဆက်တိုက်ရရှိအောင် စွမ်းဆောင်နိုင်ပြီး အမှတ်ပေးဇယားထိပ်ပိုင်း၌ ရပ်တည်နေသည့်အသင်းများဖြစ်သည့် အာဆင်နယ်အသင်း၊ မန်စီးတီးအသင်း၊ အက်စ်တွန်ဗီလာအသင်းနှင့် လီဗာပူးအသင်းတို့အပြင် ချယ်လ်ဆီးအသင်းနှင့် စပါးအသင်းတို့ကိုပါ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ပြိုင်ပွဲပြီးဆုံးရန် သုံးပွဲအလိုတွင်ပင် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။
နည်းပြကာရစ်သည် မန်ယူအသင်းနည်းပြဘဝတွင် အိမ်ကွင်းကိုးပွဲ တာဝန်ယူကိုင်တွယ်ခဲ့ရာ ရှစ်ပွဲနိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ချယ်လ်ဆီးအသင်းနည်းပြဟောင်း ကွန်တီနောက်ပိုင်း ပွဲဦးထွက်ရာသီတွင် အိမ်ကွင်းကိုးပွဲ၌ ရှစ်ပွဲအနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် နည်းပြအဖြစ်ပါ ရပ်တည်နိုင်ခဲ့သည်။
မန်ယူအသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိပြီးနောက် နည်းပြကာရစ်အား အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရန် ကမ်းလှမ်းထားရာ နည်းပြကာရစ်က လက်ခံမည်ဆိုပါက ဆွေးနွေးမှုများလုပ်ဆောင်မည်ဖြစ်ပြီး ယခုဘောလုံးရာသီအကုန်တွင် ခန့်အပ်နိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။
Ref: Fabrizio Romano
MWD

,
,
,