ဟန်တာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားခဲ့သည့် MV Hondius အပျော်စီး သင်္ဘောပေါ်တွင် ခရီးသည် ၃ ဦး သေဆုံးခဲ့ပြီးနောက် သံသယလူနာ ၈ ဦး အထိ ရှိလာ

News Image

  • ဟန်တာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားခဲ့သည့် MV Hondius အပျော်စီး သင်္ဘောပေါ်တွင် ခရီးသည် ၃ ဦး သေဆုံးခဲ့ပြီးနောက် သံသယလူနာ ၈ ဦး အထိ ရှိလာ

အာဂျင်တီးနားနိုင်ငံမှ ထွက်ခွာလာသော ဒတ်ခ်ျအလံတင် MV Hondius အပျော်စီးသင်္ဘောပေါ်တွင် ရှားပါးဟန်တာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားရာ မေလ ၇ ရက်နေ့အထိ ခရီးသည် ၃ ဦး သေဆုံးပြီး အတည်ပြုနှင့် သံသယလူနာ ၈ ဦးအထိ ရှိလာကြောင်း သိရှိရသည်။ ပထမဆုံးသေဆုံးသူမှာ အသက် ၇၀ အရွယ် ဒတ်ခ်ျအမျိုးသားတစ်ဦးဖြစ်ပြီး ဧပြီလ ၁၁ ရက်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ၎င်း၏ဇနီးဖြစ်သူမှာလည်း တောင်အာဖရိက ရှိ ဆေးရုံတစ်ခုတွင် ထပ်မံသေဆုံးခဲ့ပြီး မေလ ၂ ရက်နေ့တွင် ဂျာမန် အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲ့သည်။

စုံစမ်းစစ်ဆေးမှုများအရ အဆိုပါ ဒတ်ခ်ျဇနီးမောင်နှံသည် သင်္ဘောပေါ် မတက်မီ အာဂျင်တီးနားနိုင်ငံ၊ အူရှူအိုင်ယာ (Ushuaia) မြို့ရှိ အမှိုက်ပုံတစ်ခုသို့ ငှက်ကြည့်ခရီးစဉ်သွားရောက်ရာမှ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရခြင်းဖြစ်ကြောင်း ယူဆရသည်။ အဆိုပါဗိုင်းရပ်စ်မှာ လူအချင်းချင်း ကူးစက်နိုင်ခြေရှိသည့် Andes ဟန်တာဗိုင်းရပ်စ်မျိုးကွဲဖြစ်ကြောင်း အတည်ပြုထားသည်။

အစောပိုင်းတွင် သင်္ဘောကပ္ပတိန် Jan Dobrogowski က ပထမဆုံး သေဆုံးမှုမှာ သာမန်သေဆုံးမှုဖြစ်ပြီး ကူးစက်တတ်သော ရောဂါမဟုတ်ကြောင်း ခရီးသည်များကို အာမခံပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် ဗိုင်းရပ်စ်ကူးစက်မှုဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် သင်္ဘောကို စပိန်နိုင်ငံ၊ တီနီရိဖေး (Tenerife) သို့ ဆိုက်ကပ် ခွင့်ပြုထားပြီး ရောဂါကင်းစင်သောခရီးသည်များကို နေရပ်ပြန်ပို့ရန်နှင့်ကျန်ရှိသူများကို သီးသန့်ခွဲခြားထားရှိရန် စီစဉ်နေသည်။ ကျန်းမာရေးတာဝန်ရှိသူများသည် သင်္ဘောပေါ်မှ ကြိုတင်ဆင်းသွားသည့် ခရီးသည် ၂၉ ဦးကိုလည်း ရောဂါထိန်းချုပ်နိုင်ရန်အတွက် အသည်းအသန် လိုက်လံရှာဖွေလျက်ရှိသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး