ရုရှားသမ္မတ ဗလာဒီမာပူတင် တရုတ်နိုင်ငံသို့ ၂၅ ကြိမ်မြောက် ခရီးစဉ်အဖြစ် ပေကျင်းမြို့သို့ရောက်ရှိ

News Image

  • ရုရှားသမ္မတ ဗလာဒီမာပူတင် တရုတ်နိုင်ငံသို့ ၂၅ ကြိမ်မြောက် ခရီးစဉ်အဖြစ် ပေကျင်းမြို့သို့ရောက်ရှိ

     ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်သည် တရုတ်နိုင်ငံသို့ ၂၅ ကြိမ်မြောက်ခရီးစဉ် အဖြစ် မေလ ၁၉ ရက်တွင် ပေကျင်းမြို့သို့ ရောက်ရှိလာကြောင်း သိရသည်။ သမ္မတပူတင်သည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့နှစ်ရက်ကြာ ချစ်ကြည်ရေးခရီး လာရောက်ခြင်း ဖြစ်သည်။

သမ္မတပူတင်သည် မေလ ၂၀ ရက်တွင် သမ္မတရှီကျင့်ဖျင်နှင့်တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေး အခြေအနေများ၊ နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် ဘက်စုံမိတ်ဖက်ဆက်ဆံရေး အခြေအနေများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက်     ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်သည်။ ထို့ပြင် အဆိုပါဆွေးနွေးမှုများမှတစ်ဆင့် ပူးတွဲကြေညာချက်ထုတ်ပြန်ခြင်းနှင့် နှစ်နိုင်ငံ သဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်သည်။

အလားတူ သမ္မတပူတင်နှင့် သမ္မတ ရှီကျင့်ဖျင်တို့က ၂၀၂၆-၂၀၂၇ ရုရှား-တရုတ်ပညာသင်နှစ်ဖွင့်ပွဲ အခမ်းအနားသို့ ပါဝင်တက်ရောက်သွားမည်ဖြစ်သည်။ ထို့ပြင် သမ္မတပူတင်သည် တရုတ်နိုင်ငံဝန်ကြီးချုပ် လီကျန်းနှင့်လည်း သီးခြားတွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ပြီး ထိုသို့တွေ့ဆုံစဉ်နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို ဆွေးနွေးသွားမည်ဖြစ်သည်။

ယခုခရီးစဉ်တွင် သမ္မတပူတင်နှင့်အတူ ဒုတိယဝန်ကြီးချုပ်များအားလုံး၊ ရုရှားနိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်စီးပွားရေး လုပ်ငန်းများမှ ခေါင်းဆောင်များ လိုက်ပါသွားကြောင်း သိရသည်။

MWD