အာဖရိကဒေသတွင်း အီဘိုလာရောဂါကူးစက်မှုအား တုံ့ပြန်ဆောင်ရွက်

News Image

  • အာဖရိကဒေသတွင်း  အီဘိုလာရောဂါကူးစက်မှုအား တုံ့ပြန်ဆောင်ရွက်

အဒစ်အဘာဘာ  မေ  ၂၄

အာဖရိကဒေသအတွင်းရှိ  ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့်  ယူဂန်ဒါနိုင်ငံတို့တွင် အီဘိုလာရောဂါပျံ့နှံ့နေခြင်းအား တုံ့ပြန်ဆောင်ရွက်ရန် အာဖရိက ကူးစက်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာက တာဝန်ရှိသူများအား  ညွှန်ကြားခဲ့ကြောင်း သိရသည်။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် အီဘိုလာရောဂါ စတင်ဖြစ်ပွားသည့် မေ ၁၅ ရက်မှစတင်၍ ရောဂါကူးစက်ခံရသူ ၇၄၅ ဦးနှင့် သေဆုံးသူ ၁၇၆ ဦးရှိခဲ့ကြောင်း စင်တာညွှန်ကြားရေးမှူးချုပ် ယွန်ကတ်ဆီယာက ပြောကြားသည်။ လက်ရှိတွင် ရောဂါကူးစက်ဖြစ်ပွားနေသည့် နိုင်ငံနှစ်နိုင်ငံနှင့် ရောဂါ ကူးစက်နိုင်ခြေရှိသည့်  နိုင်ငံ ၁၀ နိုင်ငံရှိကြောင်း ၎င်းက ပြောကြားသည်။ ရောဂါကူးစက်မှုအခြေအနေများအရ အခြားဒေသတွင်းနိုင်ငံများမှာ ရောဂါကူးစက်ဖြစ်ပွားနေသည့် နိုင်ငံများနှင့် နယ်နိမိတ်ကွာဝေးသောကြောင့် ၎င်းနိုင်ငံများအား ရောဂါကူးစက်နိုင်ခြေများသည့် နိုင်ငံများဟု  သတ်မှတ်၍မရကြောင်း ၎င်းက ပြောကြားသည်။

ဒေသတွင်းနိုင်ငံများတွင် ဆေးဝါးဆိုင်ရာ အရင်းအမြစ်များမရှိခြင်း၊ လူများရွှေ့ပြောင်းသွားလာမှုရှိခြင်းအပါအဝင် ရောဂါကာကွယ်ရေးဆောင်ရွက်ရာတွင် အားနည်းကြောင်း ၎င်းက ပြောကြားသည်။  အာဖရိကတိုက်သည် လက်ရှိတွင် ရောဂါဖြစ်ပွားမှုကို တုံ့ပြန်ရန် အမေရိကန်ဒေါ်လာ ၃၁၉ သန်းခန့် လိုအပ်ပြီး ၎င်းအနက် ဒေါ်လာ ၂၆၅ သန်းမှာ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ယူဂန်ဒါတို့တွင် တုံ့ပြန်ရေးဆောင်ရွက်မှုများကို ပံ့ပိုးရန်အတွက်ဖြစ်ပြီး ဒေါ်လာ ၅၄ သန်းမှာ ရောဂါကူးစက်နိုင်ခြေရှိသည့် နိုင်ငံ ၁၀ နိုင်ငံတွင် ကြိုတင်ပြင်ဆင်မှုဆောင်ရွက်ရန်အတွက်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ

MDN