သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးကို ပြည်သူလူထုပါဝင်သော လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်
နေပြည်တော် မေ ၂၄
ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး၌ မိုးရာသီတွင်ဖြစ်ပွား တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေးကို ပြည်သူလူထုပါဝင်သော လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းသည် မရမ်းကုန်းမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန် ခြင်ကျား ပိုးလောက်လမ်း နှိမ်နင်းရန်အတွက် (ဖုံး၊ သွန်၊ လဲ၊ စစ်)လုပ်ငန်းများ၊ ခြင်လောက်လမ်းသေဆေး(အဘိတ်)ခတ်ခြင်း လုပ်ငန်းများ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါများ မဖြစ်စေရန် ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများ၊ ကျန်းမာရေး အသိပညာမျှဝေခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် မရမ်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက် မိုးကောင်းဓမ္မာရုံ၌ သန်လျင်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဦးဆောင်သော အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးစောင့်ရှောက်ပေးနေမှု မျက်စိရောဂါအထူးကု ဆေးရုံကြီး-ရန်ကုန်မှ ဆေးရုံအုပ်ကြီးနှင့် မျက်စိရောဂါ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများက ဉာဏ်ရည်တု (AI)နည်းပညာသုံး မျက်စိစမ်းသပ်စစ်ဆေး ပေးမှုတို့ကို သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

,