ယူကရိန်းက သိမ်းပိုက်ခံထားရသည့် အရှေ့ဘက်ဒေသတွင် တိုက်ခိုက်မှုနှစ်ကြိမ် ပြုလုပ်ခဲ့ပြီး ရုရှားစစ်သား အများအပြားကို သုတ်သင်နိုင်ခဲ့ကြောင်း ပြောကြား

News Image

  • ယူကရိန်းက သိမ်းပိုက်ခံထားရသည့် အရှေ့ဘက်ဒေသတွင် တိုက်ခိုက်မှုနှစ်ကြိမ် ပြုလုပ်ခဲ့ပြီး ရုရှားစစ်သား အများအပြားကို သုတ်သင်နိုင်ခဲ့ကြောင်း ပြောကြား

သိမ်းပိုက်ခံထားရသည့် အရှေ့ဘက်ဒေသတွင် ရုရှား၏ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းများကို ပစ်မှတ်ထားတိုက်ခိုက်သည့် ယူကရိန်း၏ ဒရုန်းဗျူဟာသစ်ကြောင့် ရုရှားစစ်သားနှင့် သင်တန်းသား ၁၆၀ ကျော် သေဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်း အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။ 

ဗုဒ္ဓဟူးနေ့ (မေ ၂၀) ညပိုင်းက Snizhne မြို့ရှိ ရုရှားဒရုန်း မောင်းနှင်ရေးသင်တန်းကျောင်းကို ယူကရိန်းအသေခံဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သင်တန်းသား ၆၅ ဦးနှင့် နည်းပြတစ်ဦး သေဆုံးခဲ့ပြီး Kherson ဒေသရှိ ရုရှားလုံခြုံရေးဌာနချုပ် (FSB) နှင့် လေကြောင်းရန် ကာကွယ်ရေးစနစ်တစ်ခုကို တိုက်ခိုက်မှုတွင်လည်း ရုရှားစစ်သား ၁၀၀ နီးပါး ထိခိုက်သေဆုံးခဲ့ကြောင်း သမ္မတ ဗလာဒီမာ ဇီလန်စကီးက ကြာသပတေးနေ့ (မေ ၂၁) တွင် ပြောကြားခဲ့သည်။ ယူကရိန်းသည် နယ်စပ်မှ ကီလိုမီတာ ၈၀၀ ကျော်ကွာဝေးသည့် ရုရှားနိုင်ငံအတွင်းပိုင်းရှိ Syzran ရေနံချက်စက်ရုံအပါအဝင် အနောက်ဘက်နယ်စပ်တစ်လျှောက်ကိုပါ ဒရုန်းအများအပြားဖြင့် တစ်ပြိုင်နက်တိုက်ခိုက်ခဲ့သဖြင့် ရုရှား လေကြောင်းကာကွယ်ရေးတပ်များက ယူကရိန်းဒရုန်း ၁၂၁ စင်းကို ပစ်ချခဲ့ရသည်။

အမေရိကန်အခြေစိုက် ပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့ (ISW) ၏ သုံးသပ်ချက်အရ ယူကရိန်းသည် လက်ရှိတွင် ဒရုန်းအသာစီးရမှုကြောင့် စစ်မြေပြင်တွင် နယ်မြေဆုံးရှုံးမှုနှုန်းကို ထိန်းချုပ်နိုင်ခဲ့ပြီး ပြီးခဲ့သည့်လအတွင်း ရုရှားထံမှနယ်မြေအချို့ကို ပထမဆုံးအကြိမ် ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။ သို့သော်လည်း မော်စကိုသည် ယူကရိန်း ပိုင်နက်၏ ၂၀ ရာခိုင်နှုန်းနီးပါးကို ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်သည်။ 

တစ်ချိန်တည်းမှာပင် ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ၎င်းတို့အနေဖြင့် ရှေ့တန်းစစ်မျက်နှာတွင် အောင်မြင်မှုများရရှိနေသည်ဟု တုံ့ပြန်ပြောဆို ထားသည်။ ရုရှား၏ ညလုံးပေါက်တိုက်ခိုက်မှုများကြောင့် ယူကရိန်းနိုင်ငံ အတွင်း အနည်းဆုံး လူ ၅ ဦး သေဆုံးပြီး ၄၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းအာဏာပိုင်များက ပြောကြားထားသည်။

အဆိုပါ စစ်ရေးတင်းမာမှုများနှင့်အတူ ရုရှားနိုင်ငံသည် ၎င်းတို့၏ နျူကလီးယားတပ်ဖွဲ့ စစ်ရေးလေ့ကျင့်မှုအဖြစ် မဟာမိတ် ဘယ်လာရုစ် နိုင်ငံရှိ သိုလှောင်ရုံများသို့ နျူကလီးယားခဲယမ်းအချို့ ပေးပို့ထားကြောင်း ကြာသပတေးနေ့ (မေ ၂၁) တွင် ထုတ်ပြန်ခဲ့သည်။ ယင်းစစ်ရေးလေ့ကျင့်မှုကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုတို့က ဗီဒီယိုကောမှတစ်ဆင့် ပူးတွဲဦးဆောင်ခဲ့ကြပြီး ယူကရိန်းဘက်က ထုတ်ပြန်သည့် ရုရှားစစ်သား အမြောက်အမြား သေဆုံးမှုသတင်းများနှင့်ပတ်သက်၍ CNN ကဲ့သို့သော နိုင်ငံတကာသတင်းဌာနများက သီးခြားအတည်ပြုနိုင်ရန် ရုရှားအာဏာပိုင်များထံ ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး