ဒုတိယသမ္မတ ဦးညိုစော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
သဘာဝဘေးအန္တရာယ်အမျိုးမျိုးအတွက် ကြိုတင်ပြင်ဆင်မှုများ ကဏ္ဍအလိုက်ဆောင်ရွက်
နေပြည်တော် မေ ၂၅
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစော တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ဒုတိယဥက္ကဋ္ဌများနှင့် ကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ဒုတိယသမ္မတ ဦးညိုစောက အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးကို ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအတွက် အဓိက တာဝန်ယူ ဆောင်ရွက်နေသည့် အမျိုးသားကော်မတီအနေဖြင့် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များနှင့် ယခင်ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုများကို ပြန်လည် ထူထောင်ရေးကိစ္စရပ်များ ဆောင်ရွက်ပြီးစီးမှုနှင့် ကြုံတွေ့လာနိုင်ခြေရှိသည့် သဘာဝဘေးများအတွက် ဝန်ကြီးဌာနများနှင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆောင်ရွက်ထားသည့် ကြိုတင်ပြင်ဆင်မှု၊ ကြိုတင်ကာကွယ်မှု၊ ဘေးအန္တရာယ် ဖြစ်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရေး အဆင်သင့်ဖြစ်အောင် စီမံထားရှိမှုများကိုသိရှိရန်နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန်အတွက်ဖြစ်ကြောင်း။
ယခုကာလသည် မုတ်သုံကာလကို ရောက်ရှိလာပြီဖြစ်သည့်အတွက် မုတ်သုံကာလအတွင်း ဖြစ်ပေါ်လေ့ရှိသည့် မုန်တိုင်း၊ မြစ်ရေကြီးခြင်းအပါအဝင် နောက်ဆက်တွဲဘေးအန္တရာယ်များကို ဒေသအလိုက် သတိပြု၍ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို အလေးထားဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ မိုးလေဝသဆိုင်ရာခန့်မှန်းချက်၊ ကြိုတင်သတိပေးချက်များကို မျက်ခြည်မပြတ် ဂရုတစိုက် သိရှိစေရန်လည်းလိုအပ်ကြောင်း၊ ယခုကာလအတွင်း မြန်မာနိုင်ငံအလယ်ပိုင်းရှိ ဒေသအချို့တွင် အပူချိန်များလာပြီး အယ်နီညိုဖြစ်နိုင်ခြေကိုလည်းတွေ့ရှိရကြောင်း၊ တစ်ဖက်တွင်လည်း ငလျင်ဘေးအန္တရာယ်ကို အထူးသတိပြုရန် လိုအပ်ကြောင်း၊ သဘာဝဘေး အန္တရာယ်များနှင့် ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းများကို စနစ်တကျ စီမံဆောင်ရွက်ထားခြင်းအားဖြင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများကို အတိုင်းအတာတစ်ခုထိ လျော့နည်းစေနိုင်ရုံမျှမက တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် သုံးစွဲရမည့် စရိတ်များကိုလည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ပိုမိုအသုံးပြုနိုင်မည်ဖြစ်ကြောင်း။
ကြိုတင်ပြင်ဆင်
ထို့ပြင် သဘာဝဘေးအန္တရာယ်အမျိုးမျိုးအတွက် ဝန်ကြီးဌာနများအလိုက်၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုတင်ပြင်ဆင်မှုများ ကဏ္ဍအလိုက် ဆောင်ရွက်ကြရန် လိုကြောင်း၊ ဖြစ်ပွားလာနိုင်သည့်ဘေးအန္တရာယ်နှင့် ပတ်သက်ပြီး လူ/တိရစ္ဆာန် ပြောင်းရွှေ့ရေး၊ ယာယီ နေရာချထားရေး၊ အရေးပေါ် ကယ်ဆယ်ထောက်ပံ့ရေး၊ လုံခြုံရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးအပါအဝင် ထိခိုက်နိုင်သည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအတွက် ပြန်လည်ကုစားမည့်အစီအမံများနှင့် ဒေသအလိုက် တည်ရှိနေသည့် ဆည်မြောင်းတာတမံများ ကြံ့ခိုင်မှုထိန်းသိမ်းရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာများ လုပ်ငန်းလည်ပတ်မှုမပြတ်တောက်စေရန် အစီအမံများကို ကဏ္ဍစုံတွင် ကြိုတင် ပြင်ဆင်ထားရန် လိုကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေနှင့် ဒေါက်တာစိုးဝင်းတို့က သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါ အချိန်မီတုံ့ပြန်နိုင်ရေးအတွက် လူမှုကယ်ဆယ်ရှာဖွေရေး အဖွဲ့များ၊ ဘေးဒဏ်ခံ ခိုလှုံရေး အဆောက်အအုံနှင့် ကယ်ဆယ်ရေးစခန်းများ ကြိုတင်စုဖွဲ့ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ကူညီ ကယ်ဆယ်ရေးနှင့် သဘာဝဘေးအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရန်ပုံငွေ လျာထားဆောင်ရွက်ထားရှိမှု၊ သဘာဝဘေး အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ကူညီကယ်ဆယ် ထောက်ပံ့ရေးပစ္စည်းများ သိုလှောင်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာကြသူများက ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေး အန္တရာယ်များအတွက် ကဏ္ဍများအလိုက် ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေးနှင့် အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ သဘာဝဘေးအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတက ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်
