အာဖဂန်နစ္စတန်နိုင်ငံ၌ ရာသီဥတုနှင့် ဆက်စပ်သည့် သဘာဝဘေးများကြောင့် လူပေါင်း ၂၇၅ ဦး သေဆုံးပြီး ၃၅၀ ဒဏ်ရာရရှိ
ကဘူးလ် မေ ၂၅
အာဖဂန်နစ္စတန်နိုင်ငံ၌ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ပြည်နယ်အများအပြား၌ မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက်ရေကြီးမှုများကြောင့် လူပေါင်း ၁၁ ဦး ထက်မနည်းသေဆုံးကာ ၁၅ ဦး ဒဏ်ရာရရှိကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့(NDMA) က မေ ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။
ရေကြီးနစ်မြုပ်မှုကြောင့် ကြီးမားသည့်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး ဒါဇင်နှင့်ချီသည့် နေအိမ်နှင့် ဆိုင်များ မျောပါသွားကာ ဧကရာနှင့်ချီသည့် လယ်မြေများနှင့် ကျေးလက်လမ်းများ ပျက်စီးသွားခဲ့ကြောင်း NDMA မှ ပြောရေးဆိုခွင့်ရှိသူ ဟာဖက်ဇ်မိုဟာမက် ရုဆပ်ဖ်ဟမ်မက်က ပြောသည်။
အာဖဂန်နစ္စတန်နိုင်ငံ၌ မကြာသေးမီ သီတင်းပတ်များအတွင်း ရုတ်တရက် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနစ်မြုပ်မှုများကြောင့် အသက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည့်အပြင် ကြီးမားသည့် စီးပွားရေးဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အာဖဂန်နစ္စတန်နိုင်ငံ၌ ယခုရာသီအတွင်း ရာသီဥတုနှင့်ဆက်စပ်သည့် သဘာဝဘေးများကြောင့် လူပေါင်း ၂၇၅ ဦး သေဆုံးကာ ၃၅၀ ဒဏ်ရာရရှိကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။
ဆင်ဟွာ
MDN
