တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး ၂၀၂၆ ခုနှစ် ရေကြောင်းနှင့် လေကြောင်း လူငယ်မောင်မယ်များအား တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော် မေ ၂၅
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ယနေ့နံနက်ပိုင်းတွင် အခြေခံနှင့် တန်းမြင့်ရေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၆)၊ အခြေခံလေကြောင်း လူငယ်သင်တန်း အမှတ်စဉ် (၁၀) နှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်း အမှတ်စဉ် (၉) တို့မှ သင်တန်းသား သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအား နေပြည်တော်ဇေယျာသီရိဗိမာန်၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
တက်ရောက်
အဆိုပါ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်နီလာ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး ဒေါ်နန်းကူးကူ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းဝင်းနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ရေကြောင်း လူငယ်၊ လေကြောင်း လူငယ်မောင်မယ်များ၊ အုပ်ချုပ်သူနည်းပြများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများတက်ရောက်ကြသည်။
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် “ယနေ့လူငယ် နောင်ဝယ်လူကြီး”ဆိုသည့် စကားအတိုင်း နောင်လာမည့် အနာဂတ်တွင် နိုင်ငံတော်တာဝန်များကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြရမည့် လူငယ်မောင်မယ်များကို ယခုကဲ့သို့ တွေ့ဆုံအမှာစကား ပြောကြားခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း။
ကျောင်းနေအရွယ် လူငယ်မောင်မယ်များသည် ပညာသင်ကြားရမည့်အရွယ်တွင် ကျောင်းစာများကို ကြိုးစားလေ့လာသင်ယူရင်း ပညာသင်နှစ်များကို ဖြတ်သန်းခဲ့ရခြင်းပင်ဖြစ်ကြောင်း၊ အခုကဲ့သို့ နွေရာသီ အားလပ်ရက်များတွင် လူငယ်မောင်မယ်တို့အတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗဟုသုတတွေ တိုးပွားစေရန် ရေကြောင်းလူငယ်၊ လေကြောင်းလူငယ် သင်တန်းများကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ ၂၀၁၄ ခုနှစ်မှစပြီး နှစ်စဉ် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း။
သင်တန်းများကို မျိုးဆက်သစ် ကျောင်းသား ကျောင်းသူ လူငယ်မောင်မယ်များအတွက် နွေရာသီ ကျောင်းပိတ်ရက် ကာလအတွင်းတွင် အသိပညာဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များကို အကျိုးရှိ စေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းနှင့် လေကြောင်းပညာ ကျွမ်းကျင်သည့် အနာဂတ် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်ဖွင့်လှစ် လေ့ကျင့်ပေးရခြင်းပင်ဖြစ်ကြောင်း။
ထို့အပြင် ရေကြောင်းနှင့် လေကြောင်းလူငယ်သင်တန်းများမှတစ်ဆင့် နိုင်ငံတော်ကာကွယ်ရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်လာစေရန်၊ စိတ်ဓာတ်၊ စည်းကမ်းနှင့် ကိုယ်လက်ကြံ့ခိုင်မှု ကောင်းမွန်မြင့်မားပြီး စည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက်တတ်မှု အလေ့အကျင့်ရရှိစေရန်၊ လူငယ်များ၏ ဝါသနာကို ပြုစုပျိုးထောင် မြှင့်တင်ပေးရန်နှင့် မျိုးဆက်သစ် လူငယ်မောင်မယ်များ ယုံကြည်ချက်၊ ခံယူချက်မြင့်မားစေပြီး အနာဂတ်နိုင်ငံတော်နှင့် တပ်မတော်အတွက် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးရန် စသည့်ရည်ရွယ်ချက်ကောင်းများကိုလည်း တွေ့မြင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိသည့် လူငယ်မျိုးဆက်သစ်များဖြစ်ရန် အမိ နိုင်ငံတော်၏ မြေပြင်၊ ရေပြင်နှင့် ဝေဟင်တို့၏ အဓိကအရေးပါမှုကို သိရှိထားရန်လိုအပ်ကြောင်း၊၊
လူငယ်များသည် ခေတ်သမိုင်းနှင့် အနာဂတ်သမိုင်းအတွက် ပဓာနကျပြီး တန်ဖိုးရှိသည့် ရတနာများပင် ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံတော်တည်ဆောက်ရေးအတွက် အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ် ကောင်းများလည်းဖြစ်ကြောင်း၊ လူငယ်မျိုးဆက်သစ်များ၏ စွမ်းအားသည် နိုင်ငံတော် အဓွန့်ရှည် တည်တံ့ရေးနှင့် ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်းဆုံး အင်အားစုများပင် ဖြစ်သည်ကို လူငယ်မောင်မယ်များအာလုံး သိရှိထားကြရန် မှာကြားလိုကြောင်း။
ပညာပြည့်ဝ နှလုံးလှသည့် လူသားတစ်ယောက်အဖြစ် ရှင်သန်ရပ်တည်နိုင်ရန်အတွက် အကောင်းဆုံး အဖော်မွန်သည် ပညာပင်ဖြစ်ကြောင်း၊ ပညာသည်သာ အမှားနှင့် အမှန်ကို ဝေဖန်ပိုင်းခြား ဆုံးဖြတ်လုပ်ကိုင်နိုင်သည့် ဉာဏ်ရည်ကို ထုဆစ်ပုံဖော်နိုင်ခြင်းပင်ဖြစ်ကြောင်း၊ ပညာဟုဆိုသည့် နေရာတွင် အသိပညာ၊ အတတ်ပညာဟူ၍ ပိုင်းခြားသိမြင်နိုင်ရမည်ပင်ဖြစ်ကြောင်း၊ အသိပညာ၊ အတတ်ပညာကို ပိုင်ဆိုင်ရန် အတန်းပညာသည် အဓိကအခြေခံပင်ဖြစ်ကြောင်း၊ တန်းစဉ်ကူးပြောင်း မှုများမှတစ်ဆင့် လူသားတစ်ယောက်၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် လူနေမှုအဆင့် အတန်းများသည်လည်း တိုးတက်ပြောင်းလဲလာသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း။
ယနေ့ ပညာတတ်ပေါကြွယ်ဝသည့် နိုင်ငံများသည် ကမ္ဘာပေါ်တွင် ရှေ့ဆုံးမှရပ်တည်နေကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထိုသို့ဦးဆောင်နိုင်ရန်အတွက် ပညာ၏လက်တွဲခေါ်ဆောင်မှုမှ တစ်ဆင့် လူသားတို့၏ ကြိုးစားအားထုတ်မှုများ၊ တီထွင်ကြံဆမှုများကို ဆက်လက်လုပ်ဆောင်ခဲ့ကြ၍ တိုးတက်မှုများသည် တစ်ဆင့်ပြီးတစ်ဆင့် မြင့်မားလာခဲ့ပြီး လူနေမှုအဆင့်အတန်းသည်လည်း မြင့်မားစွာ ရပ်တည်ရှင်သန်နေကြခြင်းဖြစ်သည်ကို လေ့လာတွေ့ရှိကြရမည်ဖြစ်ကြောင်း။
နိုင်ငံတော်အစိုးရ အနေဖြင့် ဗလငါးတန်နှင့် ပြည့်စုံကြွယ်ဝသည့် လူငယ်များဖြစ်စေရေး ကဏ္ဍစုံတွင် အားပေး ဖော်ဆောင်လျက်ရှိကြောင်း၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဆိုသည့် ဗလငါးတန်တွင် စာရိတ္တဗလသည် ပဲ့ထိန်းသဖွယ် တည်ရှိနေသည်ကို လေ့လာတွေ့ရှိနိုင်မည်ဖြစ်ကြောင်း၊ လူတော်ဖြစ်စေရန်အတွက် အသိပညာ၊ အတတ်ပညာများ လိုအပ်သကဲ့သို့ လူကောင်းဖြစ်စေရန်အတွက်လည်း စာရိတ္တအခြေခံကောင်းများ ပိုင်ဆိုင်ထားရန် လိုအပ်ကြောင်း၊ ၎င်းသည် စာရိတ္တဗလ၏ အရေးပါမှုကို ညွှန်းဆိုထားခြင်းပင်ဖြစ်ကြောင်း၊ လူငယ် မောင်မယ်တို့အနေဖြင့် ယခုလိုငယ်ရွယ်နုပျိုစဉ်ကတည်းက စာရိတ္တမဏ္ဍိုင်ကို ခိုင်ခိုင်မာမာ တည်ဆောက်သွားကြရန် တိုက်တွန်းလိုကြောင်း၊ စာရိတ္တကောင်းမွန်ရန်အတွက် လူငယ် မောင်မယ်တို့သည် သီလကောင်းသည့် လူငယ်များဖြစ်ရန်လိုကြောင်း၊ သီလကောင်းမွန်ပြီး အတ္တနှင့် ပရကိုမျှတအောင် နေထိုင်ကျင့်ကြံဆောင်ရွက်နိုင်မှသာ စာရိတ္တမဏ္ဍိုင်၏ အခြေခံခိုင်မာမှုကို စတင် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း။
လူငယ်မောင်မယ်တို့အနေဖြင့် စာရိတ္တမဏ္ဍိုင်ကို ခိုင်မာအောင် တည်ဆောက်နိုင်ပြီဆိုပါက “ပညာ ပြည့်ဝ နှလုံးလှ”သည့်အပြင် “စွမ်းအားလည်းညီ ခေတ်လည်းမီ” သည့် မျိုးဆက်သစ်များအဖြစ် အနာဂတ် နိုင်ငံတော်တွင် တစ်ပြိုင်တည်း ထွန်းတောက်လာကြမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ မျိုးဆက်သစ်များဖြစ်သည့် လူငယ်မောင်မယ်တို့ နှလုံးသားတွင် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ် တို့သည် အမြဲရှင်သန်နိုးကြားနေရန်လည်း လိုအပ်ကြောင်း။
လူငယ်မောင်မယ်တို့ အနေဖြင့် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ် အပြည့်အဝရှိသည့် မျိုးဆက်သစ်များပီပီ နောင်အနာဂတ်တွင် နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်နိုင်သူများ ဖြစ်အောင် စတင်ကြိုးစားလျှောက်လှမ်းသွားကြရန် လေးလေးနက်နက် တိုက်တွန်း ပြောကြားလိုကြောင်း။
စာပေသည် လူသားတို့၏ နှလုံးသားကို သွန်သင်ဆုံးမပေးနိုင်သည့် ဆရာတစ်ဆူ ဖြစ်သကဲ့သို့ ဘဝများကို ထိန်းကျောင်းပြုပြင်ပေးနိုင်သည့် မိတ်ဆွေအရင်းအချာတစ်ဦးပမာ တွေ့မြင်ရမည်ဖြစ် ကြောင်း၊ စာပေဖတ်ရှုသည့်နေရာတွင်လည်း မိမိနှလုံးသား၊ မိမိဘဝ၊ မိမိလူမျိုး၊ မိမိနိုင်ငံအတွက် နှလုံး အာဟာရကောင်းများ ပေးစွမ်းနိုင်သည့် အကျိုးပြုစာပေများကို ရွေးချယ်ဖတ်ရှုကြရန် လိုအပ် ကြောင်း၊ ယနေ့ Social Media အင်အားကြီးထွားလာမှု အပိုင်းတွင် အဆိပ်သင့်စာပေများသည် နေရာအနှံ့ကနေ ပျံ့နှံ့စိမ့်ဝင်နေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရကြောင်း၊ မျိုးဆက်သစ် လူငယ်များသည် စာအုပ်စာပေများနှင့် တဖြည်းဖြည်းဝေးကွာလာခဲ့ကြပြီး Social Media များနှင့် ပိုမိုနီးစပ်သွားကြသည့်အတွက် Social Media များမှတစ်ဆင့် အဆိပ်သင့်သတင်းများ၊ အဆိပ် သင့်စာပေများသည် မျိုးဆက်သစ် လူငယ်များ၏ နှလုံးသားနှင့် အသိတရားကို အင်အားကြီးမား စွာဖြင့် ချေမွဖျက်ဆီးပစ်နိုင်သည်ကိုလည်း လူငယ်များအားလုံး သတိပြုဆင်ခြင်ကြရန် လိုအပ် ကြောင်း။
ယနေ့ခေတ် လူငယ်မောင်မယ်တို့ကြားတွင် စာဖတ်သည့် အလေ့အထကောင်းများ ရှားပါးလာသည် ကို တွေ့မြင်လာရကြောင်း၊ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်အတွက် လူငယ် မောင်မယ်တို့သည် စာပုံမှန်ဖတ်ဖြစ်သည့် အလေ့အကျင့်တစ်ခုကို စတင်ပျိုးထောင်သွားကြရန်လို ကြောင်း၊ အကျိုးပြုစာပေမျိုးစုံကို ဖတ်ရှုလေ့လာနိုင်လာသည်နှင့်အမျှ မိမိနှစ်သက်စိတ်ဝင်စားရာ စာပေအမျိုးအစားကို မိမိ နှလုံးသားက ပိုင်းခြားဆုံးဖြတ် ပေးသွားခြင်းဖြစ်ကြောင်း။
ပညာပြည့်ဝသည့် လူသားတစ်ယောက်၏ စိတ်နှလုံးသားသည် အရာရာကို မှန်မှန်ကန်ကန်နှင့် ရှုမြင်ပိုင်းခြားဆုံးဖြတ်ဆောင်ရွက်နိုင်စွမ်းရှိကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လူငယ်မောင်မယ်တို့အနေဖြင့် ပညာဆိုသည့် အဖော်မွန်ကို လက်တွဲပြီး နိုင်ငံတော်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်မည့် နောင်ဝယ်လူကြီးများဖြစ်အာင် ကြိုးစားကျင့်ကြံသွားကြရန် မှာကြားလိုကြောင်း။
အမိမြေကို ကာကွယ်စောင့်ရှောက်နိုင်ရန် ယခုအရွယ်ကတည်းက စတင်ပြီး မိမိကိုယ်ကို ကောင်းအောင်ကြိုးစားသွားကြရန်၊ မိမိဘဝကို ပညာနှင့် အဖော်ပြုပြီး ကောင်းအောင်တည်ဆောက် ကြရန်၊ မိမိတို့ဘဝတစ်လျှောက် ကြုံတွေ့လာခဲ့ရသည့် အတွေ့အကြုံများစွာထဲမှ ကောင်းသည့် အချက်များကိုဆောင်ပြီး မကောင်းသည့် အချက်များကို ရှောင်ရှားကာ မိဘများက ဂုဏ်ယူရသော၊ နိုင်ငံတော်က အားထားရသော “စွမ်းအားလည်းညီ ခေတ်လည်းမီ” သည့် နောင်ဝယ်လူကြီးများဖြစ်ကြပါစေကြောင်း ပြောကြားသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ရေကြောင်းနှင့် လေကြောင်း လူငယ် မောင်မယ်များအတွက် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ရာ လူငယ်မောင်မယ်များက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား ဂါရဝပြုလက်ဆောင် ပစ္စည်းများ ပြန်လည်ပေးအပ်သည်။
ထို့နောက် ရေကြောင်းလူငယ် သင်တန်းမှ မဖြိုးသဉ္ဇာလင်းနှင့် လေကြောင်းလူငယ် သင်တန်းမှ မဝင်းသိင်္ဂီတို့က သင်တန်းများတွင် တက်ရောက် သင်ကြားခဲ့ရသည့် ရေကြောင်း၊ လေကြောင်းဆိုင်ရာ အတွေ့အကြုံများ၊ သင်တန်းမှ ရရှိခဲ့သည့် ဗဟုသုတများနှင့် အကျိုးကျေးဇူးများကို ဦးစွာ ရှင်းလင်း ပြောကြားကြပြီး ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားကြသည်။
ဆက်လက်၍ ရေကြောင်း လူငယ်သင်တန်းနှင့် လေကြောင်း လူငယ်သင်တန်းတို့မှ လူငယ် မောင်မယ်များနှင့် အုပ်ချုပ်သူ နည်းပြများအား လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး မြဝတီ တေးဂီတအဖွဲ့က တေးသီချင်းများဖြင့် ဂုဏ်ပြုဖျော်ဖြေကြသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေကြောင်းလူငယ် သင်တန်းနှင့်လေကြောင်းလူငယ် သင်တန်းတို့မှ သင်တန်းသား သင်တန်းသူများနှင့် အုပ်ချုပ်သူ နည်းပြများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ရှင်းလင်းပြသ
ရေကြောင်းနှင့် လေကြောင်း လူငယ်မောင်မယ်များသည် ဂုဏ်ပြုတွေ့ဆုံပွဲ အခမ်းအနားသို့ မတက် ရောက်မီ ဇေယျာသီရိဗိမာန်အတွင်း ခင်းကျင်းပြသထားသော မြန်မာ့တပ်မတော်မှ ထုတ်လုပ်သည့် လက်နက်များ၊ တပ်မတော် (ကြည်း၊ရေ၊လေ)တွင် ဝတ်ဆင်အသုံးပြုနေသည့် ဝတ်စုံအမျိုးမျိုး၊ မြန်မာ့တပ်မတော်မှ ထုတ်လုပ်သည့် ဆက်သွယ်ရေး စက်ပစ္စည်းများ၊ တပ်မတော်(ရေ)မှ ထုတ်လုပ် သည့် ရေယာဉ်များ၏ပုံစံငယ်များ၊ ရေတပ်ဆိုင်ရာ အသုံးအဆောင် ပစ္စည်းများ၊ တပ်မတော်(လေ)တွင် အသုံးပြုနေသည့် လေယာဉ်နှင့် ရဟတ်ယာဉ်များ၏ ပုံစံငယ်များ၊ လေသူရဲများ၏ ဝတ်စုံများနှင့် အသုံးအဆောင် ပစ္စည်းများ၊ Simulator ဖြင့် လေယာဉ်ပျံသန်းမှု သရုပ်ပြကွက်များကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက သိရှိလိုသည်များကို ရှင်းလင်း ပြသခဲ့ကြောင်း သိရသည်။
သတင်းစဉ်
MDN

,