ပြည်ပသို့ ဆေးကုသမှုခံယူရန် ကြန့်ကြာမှုကြောင့် ဂါဇာတွင် နေ့စဉ် လူနာငါးဦးမှ ခုနစ်ဦးအထိ သေဆုံး
ဂါဇာ မေ ၂၅
ပြည်ပသို့ ဆေးကုသမှုခံယူရန် နှောင့်နှေးကြန့်ကြာနေသည့်အတွက် ဂါဇာကမ်းမြောင်ဒေသတွင် နေ့စဉ် လူနာငါးဦးမှ ခုနစ်ဦးအထိ သေဆုံးနေကြောင်း ဆေးဘက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးက မေ ၂၄ ရက် တွင် ပြောသည်။
လွှဲပြောင်းကုသမှုခံယူရန် လူနာပေါင်း ၁၈၀၀၀ ကျော်ရှိ
ဂါဇာကမ်းမြောင်ပြင်ပရှိ အထူးကုဆေးဘက်ဆိုင်ရာ စင်တာများတွင် လွှဲပြောင်းကုသမှုခံယူရန် လိုအပ်သော လူနာပေါင်း ၁၈၀၀၀ ကျော်ရှိသည်ဟု ပါလက်စတိုင်းလခြမ်းနီအဖွဲ့၏ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဘာရှာမူရတ်က ပြောသည်။
အသက်အန္တရာယ်စိုးရိမ်ရသည့် လူနာများကိုသာ ကုသမှုများ လုပ်ဆောင်နေရ
လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများအတွင်း ဆေးရုံ ၂၉ ခုမှာ လည်ပတ်နိုင်ခြင်းမရှိတော့သည့်အတွက် ကျန်းမာရေးကဏ္ဍမှာ ကြီးမားသောဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရကြောင်း မူရတ်က ပြောသည်။ ထို့အပြင် အခြားသောဆေးရုံများတွင်လည်း ဆေးနှင့် ဆေးပစ္စည်းများမှာ လုံလောက်စွာမရှိတော့သည့်အတွက် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် အသက်အန္တရာယ်စိုးရိမ်ရသည့် လူနာများကိုသာ ဦးစားပေးကုသမှုများ လုပ်ဆောင်နေရကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။
ဂါဇာအခြေစိုက် ကျန်းမာရေးအာဏာပိုင်များက ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ ပြတ်လပ်နေပြီး လူနာထောင်ပေါင်းများစွာ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိကြောင်း သတိပေးပြောကြားထားသည်။ ပိတ်ဆို့မှုများနှင့် အစားအစာပြတ်လပ်မှုများကြောင့် ဂါဇာကမ်းမြောင်တွင် နေထိုင်သူများမှာ အလွန်ဆိုးရွားသော လူသားချင်းစာနာထောက်ထားမှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ဆိုးရွားမြဲ ဆိုးရွားနေဆဲဖြစ်
၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် ပစ်ခတ်တိုက်ခိုက်ရပ်စဲမှု စတင်အသက်ဝင်ခဲ့သော်လည်း လူဦးရေ နှစ်သန်းကျော်နေထိုင်သော ဂါဇာကမ်းမြောင်ရှိ လူနေမှုဘဝအခြေအနေများမှာ ဆိုးရွားမြဲ ဆိုးရွားနေဆဲဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ
MDN

,