အီဘိုလာကပ်ရောဂါကို ထိန်းချုပ်နိုင်ခြင်း မရှိသေးဟု WHO ပြော
လက်ရှိဖြစ်ပွားလျက်ရှိသော အီဘိုလာရောဂါ ကူးစက်ပျံ့နှံ့မှုအတွင်း သေဆုံးဖွယ်ရှိသူအရေအတွက် ၂၂၀ ရှိလာကြောင်း၊ရောဂါကူးစက်မှုများကို ရှာဖွေရာတွင်မြန်ဆန်မှု မရှိခြင်းကြောင့် အဆိုပါကပ်ရောဂါကိုထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ ညွှန်ကြားရေးမှူးချုပ်က မေလ ၂၅ ရက်တွင်ပြောသည်။
"ကျွန်တော်တို့အနေနဲ့ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးစား ဆောင်ရွက်နေပေမယ့်လည်းအခုအချိန်ထိတော့ အဲဒီကပ်ရောဂါကို ထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး"ဟု ညွှန်ကြားရေးမှူးချုပ်က ပြောသည်။ ထို့ပြင် ကွန်ဂိုနိုင်ငံနှင့်နယ်နိမိတ်ချင်း ထိစပ်နေလျက်ရှိသည့် အခြားနိုင်ငံများအနေဖြင့် အရေးပေါ်ဆောင်ရွက်ချက်များ ချက်ချင်းလုပ်ဆောင်ရန် ညွှန်ကြားရေးမှူးချုပ်က တိုက်တွန်းထားသည်။
ကွန်ဂိုနိုင်ငံ၏ အိမ်နီးချင်းဖြစ်သော ယူဂန်ဒါနိုင်ငံ၌ မေလ ၂၅ ရက်နံနက်ပိုင်းအထိ အီဘိုလာရောဂါဖြစ်ပွားသူ ခုနစ်ဦးအထိရှိလာပြီဖြစ်ကြောင်း တာဝန်ရှိသူများကထုတ်ပြန်ထားသည်။ ယခုကူးစက်ပျံ့နှံ့နေသော အီဘိုလာရောဂါသည် Bundibugyoမျိုးကွဲဖြစ်ပြီး နိုင်ငံတကာအနေဖြင့် စိုးရိမ်ရသည့် ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ် WHO က ကြေညာထားသည်။
MWD

,