ဗီယင်နာပွဲတော်တွင် ပါဝင်မည့် အမေရိကန်-ဂျာမန် နည်းပညာသူဌေးကြီး ပီတာသီဟဲလ်၏ အစီအစဉ် ကန့်ကွက်မှုများကြောင့် ဖျက်သိမ်းခံရ

News Image

  • ဗီယင်နာပွဲတော်တွင် ပါဝင်မည့် အမေရိကန်-ဂျာမန် နည်းပညာ သူဌေးကြီး ပီတာသီဟဲလ်၏ အစီအစဉ် ကန့်ကွက်မှုများကြောင့် ဖျက်သိမ်းခံရ

အမေရိကန်-ဂျာမန် နည်းပညာသူဌေးကြီးဖြစ်သူ ပီတာသီဟဲလ် (Peter Thiel) ပါဝင်ဆွေးနွေးရန် စီစဉ်ထားသည့် အစီအစဉ်ကို ဗီယင်နာပွဲတော် (Vienna Festival) က တရားဝင်ဖျက်သိမ်းလိုက်ကြောင်း သိရှိရသည်။ PayPal နှင့် Palantir Technologies တို့၏ ပူးတွဲတည်ထောင်သူဖြစ်သူ သီဟဲလ်သည် ယခုနှစ်ပွဲတော်၏ “နတ်ဘုရားများ၏ သမ္မတနိုင်ငံ” (Republic of Gods) ဟူသော ဆောင်ပုဒ်အောက်တွင် ‘ကမ္ဘာပျက်ကပ်နှင့် ခရစ်တော်ဆန့်ကျင်ရေး ဘာသာရေးအယူအဆမှသည် လက်တွေ့ကမ္ဘာ့နိုင်ငံရေးဆီသို့’ အမည်ရှိ အငြင်းပွားဖွယ်ရာစကားဝိုင်းတွင် ပါဝင်ရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ၎င်း၏ လက်ယာစွန်းအမြင်များနှင့် လူသားလွန်ဝါဒ (Transhumanist) နည်းပညာနှင့် သိပ္ပံပညာ (ဥပမာ- မျိုးရိုးဗီဇပြုပြင်ခြင်း၊ AI) ကို သုံးပြီး လူသားတို့၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များကို အဆင့်မြှင့်တင်ကာ အသက်ရှည်ရှည်နေနိုင်အောင် ကြိုးပမ်းသည့် အယူအဆ) ဆိုင်ရာ ကမ္ဘာပျက်ကပ်အတွေးအခေါ်များကို ပလက်ဖောင်းတစ်ခုပေး၍ မထုတ်ဖော်သင့်ကြောင်း ဝေဖန်မှုများ ပြင်းထန်စွာ ထွက်ပေါ်လာခဲ့သည်။

အဆိုပါ အစီအစဉ်ကြောင့် ပွဲတော်ကိုစပွန်ဆာပေးထားသည့် ဗီယင်နာ မြို့ပြအာဏာပိုင်များနှင့် ယဉ်ကျေးမှုဆိုင်ရာ ကောင်စီဝင်များ၏ ပြင်းပြင်း ထန်ထန်ဝေဖန်ခြင်းကို ခံခဲ့ရသည့်အပြင် အခြားသော ပွဲတက်ရောက်မည့်သူများကပါ နှုတ်ထွက်မှုများ ပြုလုပ်ခဲ့ကြသည်။ ပွဲစီစဉ်သူများ၏ ပြောကြားချက်အရ ယခုအငြင်းပွားမှုသည် ပွဲတော်၏ဂုဏ်သိက္ခာကို လက်ခံနိုင်ဖွယ်မရှိလောက်အောင် ထိခိုက်ကျဆင်းစေခဲ့သောကြောင့် နောက်ဆုံးတွင် အဆိုပါ အစီအစဉ်ကိုဖျက်သိမ်းရန် စနေနေ့ (မေ ၃၀) က ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ 

ပွဲတော်၏ အနုပညာဒါရိုက်တာ မီလို ရော (Milo Rau) က ၎င်းအနေဖြင့် သီဟဲလ်၏အယူအဆကို စိတ်ဝင်စားသော်လည်း ပွဲစဉ်တစ်ခုလုံး တည်ငြိမ် ချောမွေ့စေရေးနှင့် အနုပညာရှင်အားလုံးအပေါ် တန်ဖိုးထားမှုကိုရှေးရှု၍ ယခုကဲ့သို့ စွန့်လွှတ်လိုက်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

နည်းပညာဘီလျံနာ ပီတာသီဟဲလ်သည် ပြီးခဲ့သည့်မတ်လကလည်း ဗာတီကန်အနီးရှိ လျှို့ဝှက်နေရာတစ်ခုတွင် ခရစ်တော်ဆန့်ကျင်ရေးအကြောင်း သီးသန့်ဟောပြောပွဲများ ပြုလုပ်ခဲ့ခြင်းကြောင့် ဗာတီကန်အရာရှိများနှင့် ကက်သလစ်တက္ကသိုလ်များ၏ ငြင်းဆိုဝေဖန်မှုများကို ရင်ဆိုင်ခဲ့ ရဖူးပြီး ယခု ဗီယင်နာပွဲတော် အစီအစဉ်သည်လည်း ၎င်း၏ ဟောပြောချက်များကြောင့် ထပ်မံဖြစ်ပွားလာသည့် နောက်ထပ်အငြင်းပွားမှုတစ်ခု ဖြစ်လာခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး