အီသီယိုးပီးယားလေကြောင်းလိုင်းက မောရစ်ရှပ်စ်နိုင်ငံသို့ ခရီးစဉ်သစ်ပျံသန်းပြေးဆွဲမည်
အဒစ္စအဘာဘာ ဇွန် ၂
အာဖရိကထိပ်တန်း လေကြောင်းလိုင်းဖြစ်သော အီသီယိုးပီးယား လေကြောင်းလိုင်းသည် နိုင်ငံ၏ မြို့တော် အဒစ္စအဘာဘာမှ မောရစ်ရှပ်စ်နိုင်ငံမြို့တော် ပေါ့သ် လူဝီမြို့သို့ တစ်ပတ်လျှင် သုံးကြိမ် ခရီးသည်တင်လေကြောင်း ခရီးစဉ်သစ်ကိုလာမည့် ဇူလိုင် ၁၂ ရက်မှ စတင်ကာ ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း ဇွန် ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
မောရစ်ရှပ်စ်နိုင်ငံသို့ ခရီးသည်တင်လေကြောင်း ပျံသန်းပြေးဆွဲမှုသည် အာဖရိကတိုက်အတွင်း ပေါင်းစည်းချိတ်ဆက်မှုကို ပိုမို နက်ရှိုင်းစေရန်နှင့် အရှေ့တောင် အာဖရိကနှင့် အခြားဒေသများအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရန် လေကြောင်းလိုင်း၏ မဟာဗျူဟာမြောက် ကတိကဝတ်ကို ပေါ်လွင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မောရစ်ရှပ်စ်နိုင်ငံသို့ တိုက်ရိုက် လေကြောင်းခရီးစဉ် ပျံသန်းပြေးဆွဲ ခွင့်ရရှိသည့်အတွက် ဝမ်းမြောက်မိကြောင်း၊ ယင်းကဲ့သို့ ပျံသန်း ပြေးဆွဲမှုက အာဖရိကလူမျိုးများနှင့် ကမ္ဘာလှည့်ခရီးသွားများအတွက် သွားလာမှုပိုမိုလွယ်ကူစေမည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့် ကုန်သွယ်ရေး အခွင့်အလမ်းများလည်း ပိုမိုတိုးတက်ကောင်းမွန် လာစေမည်ဖြစ်ကြောင်း အီသီယိုးပီးယား လေကြောင်းလိုင်း အုပ်စု အမှုဆောင်အရာရှိချုပ် မက်ဖင်းတာ ဆူးက ပြောသည်။
ဆင်ဟွာ
MDN
