အမေရိကန်က တည်းခိုနေထိုင်ခွင့်မပြုသဖြင့် အီရန်အသင်း ကမ္ဘာ့ဖလားပွဲစဉ်များကို မက္ကဆီကိုမှတစ်ဆင့် သွားရောက်ကစားမည်

News Image

  • အမေရိကန်က တည်းခိုနေထိုင်ခွင့်မပြုသဖြင့် အီရန်အသင်း ကမ္ဘာ့ဖလားပွဲစဉ်များကို မက္ကဆီကိုမှတစ်ဆင့် သွားရောက်ကစားမည်

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်မည့် အီရန်အမျိုးသား ဘောလုံးအသင်းသည် အမေရိကန်အစိုးရ၏ ပြည်ဝင်ခွင့်ကန့်သတ်ချက်များကြောင့် အမေရိကန်၌ အခြေစိုက်ခွင့်မရဘဲ မက္ကဆီကိုနိုင်ငံ နယ်စပ်မြို့တွင် စခန်းချကာ ပွဲကစားမည့်ရက်များ၌သာ အသွားအပြန် ခရီးသွားလာ၍ ယှဉ်ပြိုင် ရမည်ဖြစ်ကြောင်း မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘမ်းက ပြောကြားခဲ့သည်။ အမေရိကန် အာဏာပိုင်များက ဇွန် ၁၁ ရက်မှ ဇူလိုင် ၁၉ ရက်အထိ ကျင်းပမည့် ပြိုင်ပွဲကာလတစ်လျှောက်လုံးတွင် အီရန်အသင်းကို ၎င်းတို့နိုင်ငံ၌ တည်းခိုနေထိုင်ခွင့်မပြုလိုကြောင်းပြောဆိုခဲ့သဖြင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က မက္ကဆီကိုအစိုးရထံ ချဉ်းကပ်အကူအညီတောင်းခံခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက အမေရိကန်နှင့်အစ္စရေးတို့ ပူးပေါင်းကာ အီရန်ကို တိုက်ခိုက်ခဲ့မှုကြောင့် နှစ်နိုင်ငံကြား စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် အီရန်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲဝင်နိုင်မည့်အရေးမှာ မရေမရာ ဖြစ်ခဲ့ရသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း အီရန်အသင်း လာရောက်ကစားသည်ကို ကြိုဆိုသော်လည်း အသင်းသားများ၏ အသက်အန္တရာယ်နှင့်လုံခြုံရေးအရ အမေရိကန်တွင် ရေရှည်တည်းခိုရန် မသင့်တော်ကြောင်း မတ်လအတွင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။ 

ထို့ပြင် ဧပြီလအတွင်းက အီရန်နေရာတွင် အီတလီအသင်းနှင့် အစားထိုးရန် အမေရိကန်အထူးသံတမန်တစ်ဦးက အကြံပြုခဲ့သော်လည်း ဖီဖာနှင့် အီတလီတာဝန်ရှိသူများက ပယ်ချခဲ့ကြသည်။ အီရန်အသင်းသည် ပြီးခဲ့သည့်နှစ် အာရှဇုန်ခြေစစ်ပွဲတွင် အုပ်စုပထမရကာ ကမ္ဘာ့ဖလားသို့ လေးကြိမ်ဆက်တိုက် ခြေစစ်ပွဲအောင်မြင်ထားသည့် အသင်းဖြစ်သည်။

မက္ကဆီကိုသမ္မတ ရှိန်းဘမ်းက မိမိတို့အနေဖြင့် အီရန်အသင်းကို လက်ခံရန် ငြင်းပယ်စရာအကြောင်းမရှိကြောင်း ပြောကြားခဲ့ပြီးနောက် အီရန်ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ မက်ဒီတာ့ဂ်ျကလည်း အသင်း၏အခြေပြုရာနေရာကို အမေရိကန် အရီဇိုးနားပြည်နယ်မှ မက္ကဆီကိုနယ်စပ်မြို့ဖြစ်သော တီဟွာနာ (Tijuana) ရှိ Xoloitzcuintle စင်တာသို့ ပြောင်းရွှေ့ရန် ဖီဖာနှင့် သဘောတူညီချက်ရရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။ ထိုသို့ ပြောင်းရွှေ့ခြင်းဖြင့် ဗီဇာဆိုင်ရာရှုပ်ထွေးမှုများကို ရှောင်ရှားနိုင်မည့်အပြင် အီရန် လေကြောင်းလိုင်းများ မက္ကဆီကိုသို့ တိုက်ရိုက်ပျံသန်းမှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။

အုပ်စု (G) တွင် ကျရောက်နေသည့် အီရန်အသင်းသည် ဇွန် ၁၅ ရက်တွင် နယူးဇီလန်၊ ဇွန် ၂၁ ရက်တွင် ဘယ်လ်ဂျီယံတို့နှင့် လော့စ်အိန်ဂျလိစ်မြို့ ၌လည်းကောင်း၊ ဇွန် ၂၆ ရက်တွင် အီဂျစ်အသင်းနှင့် ဆီအက်တဲလ်မြို့၌လည်းကောင်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အီရန် အားကစားဝန်ကြီး အာမက်ဒွန်ယာမာလီက ယခုအခြေပြုမည့် တီဟွာနာမြို့သည် ပထမဆုံး ပွဲစဉ် နှစ်ပွဲကစားရမည့် လော့စ်အိန်ဂျလိစ်မြို့နှင့် အလွန်နီးကပ်သဖြင့်သွားလာရေးအဆင်ပြေကာ ပြီးခဲ့သည့်လေ့ကျင့်ရေးစခန်းများကဲ့သို့ ဝေးလံသည့်ပြဿနာမျိုးကြုံတွေ့ရတော့မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ 

တစ်ဖက်တွင်လည်း မက္ကဆီကို ဘာဟာ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် တီဟွာနာမြို့ခံ ကလပ်အသင်းများက အီရန်အသင်း အား မိမိတို့မြို့တွင် အကောင်းဆုံးကြိုဆိုဧည့်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားကြသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး