မန်ယူအသင်းက လက်ရှိအပြောင်းအရွှေ့ကာလတွင် ဒုတိယမြောက်ကစားသမားခေါ်ယူမှုအဖြစ် တိုနယ်လီအား စတာလင်ပေါင် သန်း ၈၀ ဖြင့်ကမ်းလှမ်း
မန်ချက်စတာ ဇွန် ၈
မန်ယူအသင်းက လက်ရှိကစားသမားအပြောင်း အရွှေ့ကာလတွင် ဒုတိယမြောက်ကစားသမားခေါ်ယူမှုအဖြစ် နယူးကာဆယ် အသင်း ကွင်းလယ်ကစားသမား တိုနယ်လီအား မြင့်မားသည့် ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်သော စတာလင်ပေါင် သန်း ၈၀ ဖြင့် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။
မန်ယူအသင်းသည် ပြီးခဲ့သည့်နှစ်ကစားသမား အပြောင်းအရွှေ့ကာလက အသင်းတိုက်စစ်ပိုင်းကို ကြီးကြီးမားမား အပြောင်းအလဲ လုပ်ဆောင်ခဲ့ရာ ရက်ရှ်ဖို့ဒ်၊ ဆန်ချိုနှင့် ဂါနာချိုတို့ကို အသင်းမှထွက်ခွာ စေ၍ အမ်ဘူမို၊ ကွန်ဟာနှင့်ဆက်ကိုတို့ကို ခေါ်ယူခဲ့ပြီး ခေါ်ယူခဲ့သည့် ကစားသမားအားလုံး ခြေစွမ်းပြနိုင်ခဲ့သည်။ မန်ယူအသင်းသည် လက်ရှိကစားသမား အပြောင်းအရွှေ့ကာလတွင် အသင်းကွင်းလယ်ပိုင်း ကို ကြီးကြီးမားမားအပြောင်းအလဲလုပ်ဆောင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။
မန်ယူအသင်းသည် လက်ရှိကစားသမားအပြောင်း အရွှေ့ကာလတွင် ပထမဆုံးကစားသမားခေါ်ယူမှု အဖြစ် အတ္တလန္တာအသင်းမှ ကွင်းလယ်ကစားသမား အီဒါဆန်ကိုခေါ်ယူနိုင်ပြီးနောက် ယခုအခါ ဒုတိယ မြောက်ကစားသမားခေါ်ယူမှုအဖြစ် တိုနယ်လီအား ခေါ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
အသက် ၂၆ နှစ်အရွယ် တိုနယ်လီသည် ၂၀၂၃ ခုနှစ်က အေစီမီလန်အသင်းမှ နယူးကာဆယ်အသင်း သို့ပြောင်းရွှေ့ကစားခဲ့ပြီး အသင်းနှင့် ပထမဆုံး ဘောလုံးရာသီတွင် လောင်းကစားမှုကြောင့် ကာလ ရှည်ပွဲပယ်ခံရသည့်အတွက် ပွဲစဉ်အနည်းငယ်သာ ပါဝင်ကစားနိုင်သော်လည်း အကောင်းဆုံးခြေစွမ်း ပြနိုင်သူဖြစ်သည်။
နယူးကာဆယ်အသင်းနှင့် တိုနယ်လီတို့ကြား စာချုပ်သက်တမ်းကျန် ရှိနေသေးသော်လည်း တိုနယ်လီကိုယ်တိုင်က လက်ရှိ ကစားသမား အပြောင်းအရွှေ့ကာလတွင် အသင်းမှ ထွက်ခွာလိုပြီး ၎င်းကို မန်ယူအသင်းနှင့်အပြိုင် မြို့ခံပြိုင်ဘက် မန်စီးတီးအသင်း ကလည်း ခေါ်ယူလိုသည့်အတွက် မန်ယူအသင်းက လက်ဦးမှုရယူနိုင်ရန် စတာလင်ပေါင် သန်း ၈၀ ဖြင့် စတင်ကမ်းလှမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Ref;Top Skills Sports UK
MWD
