နေပြည်တော်ရှိ အားကစား လေ့ကျင့်ရေးစခန်း (Gold Camp)၌ ဂျူဒိုနည်းပြ သင်တန်းဖွင့်လှစ်
နေပြည်တော် ဇွန် ၈
အားကစားရေးရာ ဝန်ကြီးဌာနမှ ကြီးမှူး ၍ အိုလံပစ်သွေးစည်းညီညွတ်ရေး အစီအစဉ်ဖြင့် အပြည်ပြည်ဆိုင်ရာအိုလံပစ် ကော်မတီ(IOC)၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ(MOC)၊ အပြည်ပြည်ဆိုင်ရာဂျူဒိုအဖွဲ့ချုပ်(IJF)နှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်(MJF)တို့ ပူးပေါင်း စီစဉ်ဖွင့်လှစ်သည့် ဂျူဒိုနည်းပြသင်တန်း (အဆင့်-၁) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့် ရေးစခန်း (Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
ဖွင့်ပွဲတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက ဂျူဒိုအားကစားနည်းသည် အိုလံပစ်အားကစား နည်းတစ်ခုဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု သာမက စည်းကမ်း၊ လေးစားမှုနှင့်စိတ်ဓာတ်ကြံ့ခိုင်မှုကိုပါ သွန်သင်ပေးနိုင်သည့် အားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ ယခုသင်တန်း တွင် ခေတ်ပေါ်အားကစားသိပ္ပံနည်းကျ ကျွမ်းကျင်မှုများနှင့် ၂၁ ရာစု နည်းပြစွမ်းရည် များကို လေ့လာဆည်းပူးစေနိုင်ရန် စီစဉ် ဆောင်ရွက်ပေးထားသည့်အတွက် သင်တန်း အတွေ့အကြုံများကို မိမိနေရပ်ဒေသများ သို့ ပြန်လည်ရောက်ရှိပါက အချင်းချင်း ပြန်လည်မျှဝေပေးကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
အဆိုပါ ဂျူဒိုနည်းပြ သင်တန်းတွင် သင်တန်းနည်းပြ Mr. Amar Meridja က သင်တန်းသား၊ သင်တန်းသူ ၃၀ ကို ဇွန်လ၈ ရက်မှ ၁၂ ရက်အထိ ငါးရက်ကြာ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
MWD
